ပဲခူး  ၁၇  ဒီဇင်ဘာ

ယနေ့ မွန်းလွဲ ၁ နာရီခွဲက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဝန်ကြီးချုပ်ထံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံလုံးဆိုင်ရာ လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌဦးအောင်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် အထည်ချုပ်စက်ရုံလုပ်ငန်းများနှင့် ပတ်သက်၍ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများအား လာရောက်ရှင်းလင်းတင်ပြခဲ့သည်။

ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံလုံးဆိုင်ရာ လွှတ်တော်ဒုတိယဥက္ကဋ္ဌ Mr. Wong Ting Chung နှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်ဝင်းတို့က Nameson Holding Limited ၏ နောက်ခံသမိုင်းကြောင်းနှင့် အရှေ့တောင်အာရှတွင် စက်ရုံများတည်ထောင်၍ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ Top Galaxy (Myanmar) Apparel Limited တာဝန်ရှိသူများက သိုးမွှေးအထည်ချုပ်စက်ရုံလုပ်ငန်းများ ဆောက်လုပ်မည့် စီမံချက်အသေးစိတ်နှင့် အစိုးရအဖွဲ့မှ ပံ့ပိုးပေးရမည့် အခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက "နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံလုံးဆိုင်ရာ လွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Wong Ting Chung  ကိုယ်တိုင်လာရောက် တင်ပြခဲ့မှုအပေါ်  ကြိုဆိုပါကြောင်း၊ မိမိတို့အစိုးရ အဖွဲ့မှလည်း ရေ၊ လျှပ်စစ်မီးနှင့် လမ်းကိစ္စများကို ဝန်ကြီးဌာန တို့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလုပ်သမားများအတွက် နေစရာနှင့် စားစရာပါ အခမဲ့ဆောင်ရွက်ပေးမည်ကိုသိရှိရ၍ ကျေးဇူးတင်ရှိပါကြောင်း၊ အဓိကအားဖြင့် အလုပ်ရှင်အလုပ်သမား ပဋိပက္ခမဖြစ်ပေါ်စေရန် မေတ္တာတရားနှင့် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း "ပြောကြားခဲ့သည်။

အဆိုပါ သိုးမွှေးအထည်ချုပ် (၆)ထပ်စက်ရုံ(၃)ခုအား ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဘောနတ်ကြီးကျေးရွာအနီး တည်ဆောက်လျှက်ရှိပြီး ဆောက်လုပ်ပြီးစီးပါက ဒေသခံပြည်သူ(၁)သောင်းကျော်ခန့်အား အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက်လည်း အခွန်ငွေများ ပိုမိုတိုးတက် ရရှိလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်း နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံလုံးဆိုင်ရာ လွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Wong Ting Chung နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဟိန်းထက်(ပဲခူး)