ပဲခူး မေ ၁၆
ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အနုပညာရှင်များ၊ ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပဲခူးမြို့ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့” တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုကြပြီး “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” နှင့် “နိုင်ငံ့အကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်” ဗီဒီယို Clip တို့ကို ပြသသည်။
ထို့နောက် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့်အမှာစကား ပြောကြားရာတွင် လူငယ်လူရွယ်များအနေဖြင့် စာပေကို အလေးထား၊ တန်ဖိုးထားပြီး အမြဲမပြတ် လေ့လာဖတ်ရှုကြစေလိုကြောင်း၊ စာပေဖတ်ရှုခြင်း အလေ့အထမှ အသိဉာဏ်ပညာ ရင့်သန်လာပြီး အမှားနှင့် အမှန်၊ အဖြူနှင့် အမည်း၊ ဓမ္မနှင့် အဓမ္မကို ခွဲခြားသိမြင်နိုင်မည်ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် ပညာတတ်များစွာ လိုအပ်ပြီး စာဖတ်သည့် တိုင်းပြည်သည် ပိုမိုလျင်မြန်စွာ တိုးတက်သည်ကို တွေ့ရနိုင်ပါကြောင်း။
စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်များကို တက္ကသိုလ်အဆင့်၊ အခြေခံပညာ အဆင့်အလိုက် ကျောင်းများတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက်ကျင်းပသွားရန် ဖြစ်ပါကြောင်း၊ အဆိုပါ ပွဲတော်များတွင် စကားရည်လုပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ဖျော်ဖြေရေးအစီ အစဉ်များစသည့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများအဖြစ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကျောင်းပိတ်ရက်များတွင် သက်ဆိုင်ရာကျောင်းများမှ ကျောင်းသူ ကျောင်းသားများသည် စာကြည့်တိုက်များသို့ တစ်နာရီခန့် အစုအဖွဲ့အလိုက် သွားရောက်စာဖတ်ကြစေလိုကြောင်း၊ အမြဲမပြတ်ဆောင်ရွက်ခြင်းအားဖြင့် စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားလာမည်ဖြစ်ပါကြောင်း၊ လူငယ်များအတွက် စဉ်ဆက်မပြတ် သင်ယူလေ့လာနိုင်သည့် ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်နိုင်ရန် ဖန်တီးပေးကြစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများ ကျောင်းစာတွင်သာမကဘဲ ဗလငါးတန်နှင့်ပြည့်စုံသော ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ ထူးချွန်ထက်မြက်သော လူငယ်များဖြစ်ရန် အမြော်အမြင်ရှိရမည်၊ မေတ္တာတရားရှိရမည်၊ ဆက်ဆံမှုကောင်းရမည်၊ သတ္တိရှိရမည်၊ အပြုသဘောမျိုးဆောင်ရမည်၊ တီထွင်ဖန်တီးလိုသည့်စိတ် ရှိရမည်၊ ဇွဲလုံ့လရှိပြီး စိတ်အားထက်သန်မှုရှိရမည်ဆိုသည့် အချက် (၇) ချက်နှင့် ပြုမူကျင့်ကြံကြရန် လိုပါကြောင်း။
မေ ၉ ရက်က နေပြည်တော် ကောင်စီနှင့်ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှား မှုအခမ်းအနားကို ကျင်းပခဲ့ပြီး စေတနာရှင်၊ အလှူရှင်များက ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရေးနှင့် စာအုပ်စာစောင်များ လက်လှမ်းတမီထားရှိပေးနိုင်ရေး စာကြည့်တိုက်တစ်တိုက်လျှင် ငွေကျပ်သိန်း ၁၅၀ နှုန်းဖြင့် စာကြည့်တိုက် အဆောက်အအုံ ၁၄၇ လုံးအတွက် ငွေကျပ်သိန်း ၂၂၀၅၀ ကို ပေးအပ်လှူဒါန်းခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မူလတာဝန်အပြင် စာကြည့်တိုက်လုပ်ငန်းများကို အလေးထား၍ စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ စာကြည့်တိုက်တစ်တိုက် အောင်မြင်အောင် ဆောင်ရွက်မည်ဆိုလျှင် စာကြည့်တိုက်အဆောက်အဦ၊ စာအုပ်စာစောင်များ၊ စာအုပ်ငှားရမ်းသူ၊ ရန်ပုံငွေ၊ စာကြည့် တိုက်မှူးဆိုသည့် အချက်ငါးချက်နှင့် ပြည့်စုံရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်ခြောက်တိုက် ပြန်လည်ပြင်ဆင် ဖွင့်လှစ်နိုင်ရန်အတွက် ငွေကျပ်သိန်း ၃၀၀ နှင့် စာကြည့်တိုက်သုံးတိုက် အသစ်တည်ဆောက်ရန်အတွက် ငွေကျပ် သိန်း ၄၅၀ စုစုပေါင်း ငွေကျပ်သိန်း ၇၅၀ ကို ထောက်ပံ့ပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လက်ခံရယူသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် စာကြည့်တိုက် အသစ် ရှစ်တိုက်ဆောက်လုပ်ရန် အတွက် ငွေကျပ်သိန်း ၁၂၀၀ ကို လည်းကောင်း၊ ပဲခူးမြို့နယ် လုပ်ငန်းရှင်များအဖွဲ့၊ တိုင်းဒေသ ကြီး ဗီဒီယိုအခြေခံလုပ်ငန်းရှင် များအဖွဲ့၊ ပြည်မြို့နယ်လုပ်ငန်းရှင် များအဖွဲ့တို့က စာကြည့်တိုက် အသစ် သုံးတိုက်ဆောက်လုပ်ရန် ငွေကျပ်သိန်း ၄၅၀ ကို လည်းကောင်း ပေးအပ်လှူဒါန်းရာ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက လက်ခံရယူသည်။ (ဝဲပုံ)
ထို့နောက် ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှာစကားပြောကြားသည်။
ဆက်လက်၍ တေးသံရှင် ဝိုင်းလမင်းအောင်က “လူချွှန် လူကောင်း” သီချင်းဖြင့် သီဆို ဖျော်ဖြေပြီး အမျိုးသားစာပေဆုရှင် စာရေးဆရာမ ဝတ်ရည်ခင် (ပဲခူး) က စာပေလေ့လာဖတ်ရှုမှု အကျိုးကျေးဇူးများကို ဟောပြောဆွေးနွေးသည်။
ယင်းနောက် ပဲခူးမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ဘက်စုံပညာရည် တို့လှမ်းချီ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က အခမ်းအနားတွင် သီဆိုဖျော်ဖြေခဲ့ကြသော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် စာအုပ် စာစောင်များနှင့် ဓာတ်ပုံမှတ်တမ်းများကို လှည့်လည်ကြည့်ရှုကြသည်။ 
တိုင်းဒေသကြီး(ပြန် / ဆက်)