ပဲခူး ဇူလိုင် ၁၀

 

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇူလိုင် ၉ ရက် နံနက်ပိုင်းက  ပဲခူးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးစင်တာများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ပဲခူးမြို့ ဟံသာဝတီ ယူနိုက်တက်ဘောလုံးကွင်း ပွဲကြည့်စင်၌ ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးစင်တာ၊ ပဲခူးမြို့ GTI ကျောင်း၌ ဖွင့်လှစ်မည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးစင်တာ၊ ပဲခူးတက္ကသိုလ်ဆေးရုံ၌ ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးစင်တာနှင့် ပဲခူးမြို့၊ အသောက ဘုန်းတော်ကြီးကျောင်းရှိ Facility Quarantine စင်တာများသို့ သွားရောက်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးပြီး လျှပ်စစ်မီး၊ ရေ၊ အင်တာနက်၊ CCTV နှင့် အခြား လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ အင်းတကော်မြို့အဝင် ဝင်းဘော်ဒတ် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ် အသစ်တည်ဆောက်မှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

 

mdn

 

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၏ အနီးကပ်ကြီးကြပ် လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၉ ရက် နံနက်ပိုင်းမှစ၍ COVID-19 Mobile Swab Van ဖြင့် ကိုဗစ်-၁၉ ရောဂါ စတင်စစ်ဆေးလျက်ရှိပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များသို့လည်း အောက်စီဂျင်အိုး အလုံးရေ ၅၀၀ အား ဖြန့်ဖြူးပေးနိုင်ခဲ့ကာ ပဲခူးမြို့၌ Oxygen Plant တည်ဆောက်ရန်အတွက် လိုအပ်သော စက်ပစ္စည်းများ မှာယူထားရှိပြီးဖြစ်ခြင်း၊ မြို့နယ်ဆေးရုံများ အားလုံးတွင်လည်း Oxygen Plant တပ်ဆင်အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ထားပြီးဖြစ်၍ မကြာမီ ဆေးရုံများ၌ လိုအပ်လျက်ရှိသော Oxygen များ လုံလောက်စွာ ထုတ်လုပ်ပေးနိုင်တော့မည်ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)