ပဲခူး ၆ ဇွန်

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇွန် ၅ ရက် နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဆောင်‌သော ကောင်စီဝင်များနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများတွေ့ဆုံကာ ဒေသလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲ၌ နိုင်ငံသားစိစစ်ရေးကတ် မရှိဘဲ မဲစာရင်းများတွင် ပါဝင်မဲပေးခဲ့သဖြင့် ယခုအခါ “ပန်းခင်းစီမံချက်” ဖြင့် ရသင့်ရထိုက်သည့် နိုင်ငံသားနှင့် တိုင်းရင်းသားအားလုံး နိုင်ငံသား စိစစ်ရေးကတ်ပြား ရရှိရေးဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအနေဖြင့် အထူးအလေးထား ပူးပေါင်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့တာဝန်ယူနေသည့် အချိန်ကာလအတွင်း မြို့ပြကျေးလက် ဆင်းရဲချမ်းသာကွာဟမှု လျှော့ကျစေရေးနှင့် မြို့ပြကျေးလက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး အလျင်အမြန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ စပါးစိုက်ဧက တိုးတက်ရေးထက် တစ်ဧကအထွက်တိုးတက်ရေးကို အထူးအလေးထား ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ နွေစပါးသည် တောင်သူလယ်သမားများ၏ အားကိုးရာ တစ်ခုဖြစ်၍ နွေစပါး ရေရရှိရေးအတွက် လိုအပ်သည့် နေရာများတွင် ဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးနိုင်သည့် အခြေအနေများအား ကွင်းဆင်းကြည့်ရှု၍ တင်ပြပေးစေလိုကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှု (၉၃) ရာခိုင်နှုန်းသာ ရှိသည့်အတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သီးညှပ်အဖြစ် နေကြာစိုက်ပျိုးသွားရန်နှင့် ဒေသတွင်း ဆီစားသုံးမှု လျော့ကျစေရေးလည်း အသိပညာပေးရန် လိုအပ်ကြောင်း၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သင်ကြားပေးနေသည့် အိမ်တွင်း စက်မှုလက်မှု သင်တန်းများ ဖွင့်လှစ်သင်ကြားမည့် အခြေအနေများအား ရပ်ကွက်/ ကျေးရွာများအထိ အသိပေးရန်နှင့် ၎င်းသင်တန်းများသည် ပြည်သူများအတွက် တိုက်ရိုက်အကျိုးရှိကြောင်း၊ မိမိတို့ရုံး၊ မိမိတို့မြို့နယ်အတွင်း လုံခြုံရေးသတိ၊ လုံခြုံရေးအသိ အမြဲရှိစေရန်နှင့် သတင်းရရှိနိုင်ရေး အထူးအလေးထား ဆောင်ရွက်ရန်၊ ရသင့်ရထိုက်သည့် အခွန်ငွေများရရှိနိုင်ရေး စည်းရုံးရေး အသွင်သဏ္ဍာန်ဖြင့် ဆောင်ရွက်ကြရန်၊ COVID-19 ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရန်၊ မြို့သန့်ရှင်း သာယာလှပစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေး၊ လမ်းသတိပေး ဆိုင်းဘုတ်များ ပြည့်စုံစွာ တပ်ဆင်ပေးထားရန် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ တစ်ပိုင်တစ်နိုင် မွေးမြူရေးမှသည် စီးပွားဖြစ် မွေးမြူရေးအထိ အကျိုးရှိသည့်အတွက် ဒေသကြက် (ဗမာကြက်) မွေးမြူရေးကိုလည်း အသိပညာပေး ဆောင်ရွက်သွားရန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၈) မြို့နယ်မှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ အခွန် (၄) မျိုး ကောက်ခံရရှိမှုနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များအား Power Point  ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် ကောင်စီအဖွဲ့ဝင်များက လုံခြုံရေး၊ အခွန်ကောက်ခံနိုင်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ ညွှန်ကြားချက်များအား အသိပေး ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)