ပဲခူး၊ ၁၉ မေ

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ မေ ၁၈ ရက် မွန်းလွဲ ၂ နာရီက စနစ်ကျသော စက်မှုဇုန်များဖော်ဆောင်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ယာဉ်ကြောပိတ်ဆို့မှုမရှိခြင်း၊ သီလဝါအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ လမ်းကြောင်းကောင်းမွန်ခြင်း၊ မြေနေရာများ ပေါများခြင်းတို့ကြောင့် ပဲခူးတိုင်းဒေသကြီးတွင် စက်မှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုမြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များအား စက်မှုဇုန်ဥပဒေနှင့်အညီ အရှိန်မြင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စက်မှုဇုန်များကြီးကြပ်ရေး ကော်မတီအနေဖြင့် မူဝါဒများချမှတ်၍ လမ်းညွှန်ပေးရမည်ဖြစ်ပြီး စက်မှုလုပ်ငန်းများကြောင့် သဘာဝနှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးကိုလည်း သတိထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ခရိုင်(၄)ခု၌ စက်မှုဇုန်များ စနစ်တကျဖြစ်ပေါ်လာစေရေး အလေးထားဆောင်ရွက်သွားရန်၊ သာယာဝတီမြို့သည် ရန်ကုန်တိုင်းဒေသကြီးနှင့် ဆက်စပ်လျက်ရှိပြီး အနာဂတ်တွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်သည်ဖြစ်၍ ယခုအချိန်ကတည်းက စက်မှုဇုန်ဖော်ဆောင်မည့် နေရာများရှာဖွေထားရန် လိုအပ်ကြောင်း၊ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအားကောင်းလာစေရေး ဒေသတစ်ခုနှင့်တစ်ခု အလုပ်အကိုင်အခွင့်အလမ်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှုမရှိစေရန်နှင့် လက်ရှိစက်မှုဇုန်/ စက်မှုနယ်မြေများအတွင်း ဆောင်ရွက်ပေးရမည့် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး တင်ပြကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ ခရိုင်အလိုက် စက်မှုဇုန်များ၊ စက်မှုနယ်မြေများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့မှုအပေါ် ကောင်စီအဖွဲ့ဝင်များမှ စက်မှုဇုန်ဥပဒေနှင့်အညီ ထပ်မံဖွဲ့စည်းဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များအား ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)