ပဲခူး ဇူလိုင် ၁၃
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင် ၁၂ ရက် မွန်းလွဲ(၂)နာရီက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၀/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးအတွင်း များများစစ်၊ များများတွေ့၊ များများ Facility Quarantine ထည့် စနစ်ဖြင့် ဆောင်ရွက်နေကြောင်း၊ COVID-19 ရောဂါ ကူးစက်မှုမခံရစေရေးအတွက် တစ်ဦးချင်း ကျန်းမာရေး အသိစိတ်ဓာတ်ဖြင့် ကာကွယ်ခြင်း၊ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များတွင် ထုတ်ပြန်ထားသည့် SOP နည်းလမ်းများအတိုင်း လိုက်နာစေရေး ကြီးကြပ်ဆောင်ရွက်မှသာ ကုသရေးအပိုင်းတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး သေဆုံးမှုများလည်း လျော့ကျလာမည်ဖြစ်ကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များအနေဖြင့် Facility Quarantine များ ထပ်မံပြင်ဆင်ထားရန် လိုအပ်သလို ပြည်သူတစ်ဦးချင်း အလိုက်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များသည့်အတိုင်း လိုက်နာမှုရှိစေရေး စည်းကမ်းတင်းကြပ် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အောက်စီဂျင် လုံလောက်စွာရရှိနိုင်ရေး ဘက်ပေါင်းစုံမှ နည်းလမ်းများဖြင့် အထူးအလေးထား ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မြို့နယ်အလိုက် စေတနာ့ဝန်ထမ်းပံ့ပိုး ကူညီရေးအဖွဲ့များ ပိုမိုများပြားစွာ ပါဝင်လာသည်ကို တွေ့ရှိရသဖြင့် ဂုဏ်ယူပါကြောင်း၊ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက် ပေးသွားရမှာဖြစ်ကြောင်းနှင့် ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ တင်ပြရန် ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးစိုးသိန်းက ဇူလိုင် ၁၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် COVID-19 ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းဗဟိုကော်မတီ အစည်းအဝေးလမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့ပြီး ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ မြို့နယ်အလိုက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုနှင့် အခြားလိုအပ်ချက်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသီဟက မြို့နယ်အလိုက် နေ့စဉ် COVID-19 ရောဂါ ပိုးတွေ့ရှိမှု နှိုင်းယှဉ်ချက်နှင့် ထိန်းချုပ်ရမည့် နည်းလမ်းများအား Power Point ဖြင့်လည်းကောင်း တင်ပြခဲ့ကြရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ သီဟ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ မြို့နယ်ဆရာဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


