ဒိုက်ဦး ဇူလိုင် ၂၅

 

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇူလိုင် ၂၄ ရက်က ဒိုက်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်မဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေး သွားရောက် ကူညီထောက်ပံ့ခဲ့သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီအဖွဲ့ဝင်များသည် ဒိုက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးရုံတာဝန်ခံ လက်ထောက်ဆရာဝန် ဒေါက်တာနန်းဝင်းက ကိုဗစ်-၁၉ ရောဂါ ကုသနေမှုအခြေအနေနှင့် ဆေးရုံအတွက် အောက်ဆီဂျင်လိုအပ်ချက်များတင်ပြရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း အောက်ဆီဂျင်လိုအပ်ချက်အား အချိန်မီ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေနှင့် အောက်ဆီဂျင် (၄၀)လီတာအိုး (၁၀)လုံးအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီအဖွဲ့ဝင်များသည်  ဒိုက်ဦးမြို့နယ် လမ်းဦးစီးဌာနရုံးသို့ရောက်ရှိရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ မြို့မိ/မြို့ဖများ၊ ပရဟိတအသင်း တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ပရဟိတအသင်းအဖွဲ့များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေး၊ ကျန်းမာရေးသုံးအကာကွယ်ပစ္စည်းများ အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေးနှင့် အောက်ဆီဂျင်အိုး လိုအပ်ချက်များ အချိန်မီတင်ပြရန်တို့အား လမ်းညွှန်ပြောကြားပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ငွေကျပ်သိန်း (၁၀၀)အား ဒိုက်ဦးမြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များသည် ဇူလိုင် ၂၄ ရက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒရယ်မီးချောင်းရေလျှံကာ ဒရယ်မီးရပ်ကွက်နှင့် မင်းတဲရပ်ကွက်အတွင်း ချောင်းရေဝင်ရောက်မှု လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရပ်ကွက်အတွင်း ချောင်းရေဝင်ရောက်မှု အမြန်ဆုံး ကျဆင်းစေရေးနှင့် ချောင်းရေပြန်လည်ကျဆင်းသွားပါက ရေဝင်ရောက်ခဲ့သည့် ဆေးရုံ၊ ရုံးများနှင့် လူနေရပ်ကွက် နေရာများအား သန့်ရှင်းရေးဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်စိုး(ပဲခူး)