ပဲခူး ၁၈ နိုဝင်ဘာ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁၇) ရက်နေ့၊ မွန်းလွဲ(၂)နာရီက Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Meeting System ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက Stay at Home မြို့နယ်များ စည်းကမ်းလိုက်နာမှု အားနည်းနေ၍ အရေးယူဆောင်ရွက်သွားမည့် အစီအစဉ်များ၊ မြို့တွင်းစျေးများ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး အစီအမံများ၊ စက်ရုံ/ အလုပ်ရုံများရှိ ရောဂါပိုးတွေ့ရှိသူ၊ ရောဂါပိုးရှိသူနှင့် ထိတွေ့ခဲ့သူများအား သီးခြား စီမံဆောင်ရွက်သွားမည့် အခြေအနေများ၊ Facility Quarantine များတွင် ကျွေးမွေးစရိတ်များ ထောက်ပံ့ပေးရန် လိုအပ်ချက်များ၊ စေတနာ့ဝန်ထမ်းဆိုင်ရာ ကိစ္စရပ်များ ကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့သည်။
ယင်းနောက် ပဲခူးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ရွှေပုံက ပဲခူးမြို့တွင်း စျေးများ စည်းကမ်းတကျဖြစ်စေရေး ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်နိုင်ရေးနှင့် စည်းကမ်း လိုက်နာမှု မရှိသူများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန်ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက အခြေခံလူတန်းစားများ ထောက်ပံ့ကြေး ပေးရာတွင် စံသတ်မှတ်ချက်နှင့်အညီ စာရင်းကောက်ယူထားသူများ ဖြစ်စေရန်လိုအပ်ကြောင်း၊ တိုင်းကြားမှုများရှိလာပါက ပါဝင်ပတ်သက်သူများကို ထိရောက်စွာ စိစစ်အရေးယူသွားမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်က Covid-19 ရောဂါ လက်ရှိရောဂါပိုးတွေ့ရှိသူများအား ကုသပေးနေမှုနှင့် ရောဂါဖြစ်ပွားမှု များပြားလာပါက မြို့နယ်အလိုက် သီးခြားနေရာများ ရှာဖွေထားသည့် အခြေအနေကိုလည်းကောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို လည်းကောင်း၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများက မြို့နယ်အလိုက် Covid-19 ရောဂါ ဖြစ်ပွားနေမှုနှင့် ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကုသရေး လုပ်ငန်းစဉ်များအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


