ပဲခူး   ဒီဇင်ဘာ   ၂၈

 

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး(၃/၂၀၂၁) ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “တိုင်းဒေသကြီး အစိုးရအနေဖြင့် ရှိပြီးသား ခရီးစဉ်ဒေသများကို သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိသလို ခရီးစဉ် ဒေသအသစ်များကိုလည်း ဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အင်း၊ ဆည်၊ ရေလှောင်တမံများမှာလည်း အပန်းဖြေစခန်းများ တည်ဆောက်နိုင်ရေး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသူအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရန် ၂၂ ရာခိုင်နှုန်းခန့် ကျန်ရှိနေ၍ အပြည့်အဝ ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအနေ ဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြည်မြို့၌ အပျော်တမ်း စက်ဘီးစီးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဌာနဆိုင်ရာများ၊ အရပ်ဘက် လူမှုရေးအသင်းအဖွဲ့များ၊ စက်ဘီးစီး ဝါသနာရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန်” လမ်းညွှန်မှာကြားသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်း ဟိုတယ်လုပ်ငန်းလိုင်စင်အသစ် လျှောက်ထားခြင်း၊ ဟိုတယ်လုပ်ငန်း လိုင်စင် သက်တမ်းတိုးခြင်းနှင့် ဟိုတယ်လုပ်ငန်းလိုင်စင် ပိုင်ရှင်အမည်ပြောင်းလဲခြင်းတို့အား အမှုတွဲအလိုက်တင်ပြရာ တိုင်းဒေသကြီးအဆင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များ၏ အကြံပြုချက်များအပေါ် ဝန်ကြီးချုပ်က ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက ပြည်မြို့၌ အပျော်တမ်း စက်ဘီးစီးပွဲ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများ တင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

 

ပဲခူးတိုင်းဒေသကြီးအတွင်း ခရီးစဉ်ဒေသအသစ်အနေဖြင့် ပဲခူးရိုးမဖြတ်လမ်း (အုတ်တွင်း-ပေါက် ခေါင်းလမ်း) မိုင်တိုင်အမှတ်(၅၈/၄)မှာ ခပေါင်း(ECO RESORT)အား အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ရပ်ရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT)အဖြစ် ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာတွင် လည်းကောင်း၊ အုတ်တွင်းမြို့နယ်၊ ဘုန်းတောင်ကြိုးဝိုင်းအတွင်း ဆင်ဆေးရုံကို အခြေပြု၍ လည်းကောင်း ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)