နေပြည်တော် အောက်တိုဘာ ၂၆

 

ရေကြီးနစ်မြုပ်မှုဒဏ် ခံခဲ့ရသည့် ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ တောင်သူများ၊ နေပြည်တော် ဇေယျာသီရိ နှင့် ပုဗ္ဗသီရိမြို့နယ်တို့မှ တောင်သူများပါဝင်သော လေ့လာရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စပါးသီးနှံဗဟိုဌာန၌ သုတေသနပြု စိုက်ပျိုးထားရှိသည့် ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော စပါးမျိုးသစ်များအား သွားရောက်ကြည့်ရှုလေ့လာကြပြီး တောင်သူနည်းပညာ ဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။

 

ရာသီဥတုနှင့် လိုက်လျောညီထွေရှိသည့် စပါးမျိုးသစ်များအားလေ့လာစဉ် ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်က သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် တောင်သူကြီးများ ပူးပေါင်းပါဝင်ခြင်းသည် စိုက်ပျိုးရေးကဏ္ဍ အောင်မြင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျမှု၊ မျိုး၊ မြေ၊ ရေ၊ နည်း အစရှိသည့် နည်းပညာ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ရရှိစေရေး တောင်သူကြီးများထံသို့ သွားရောက်ပညာပေးခြင်း၊ တောင်သူများအား မိမိတို့ထံ ဖိတ်ခေါ်ပြသခြင်းများ ဆောင်ရွက်နေမှုနှင့် အွန်လိုင်း အပလီကေးရှင်းများအသုံးပြု၍ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ နှီးနှောဖလှယ်ခြင်း များ ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး စပါးသီးနှံဗဟိုဌာနအတွင်း စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့် အရည်အသွေးကောင်း စပါးမျိုးသစ်များ၊ ရေမြုပ်ခံစပါးမျိုးသစ်များ၊ ဆည်ရည်သောက်စပါးမျိုးသစ်များ၊ မိုးရေ သောက်စပါးမျိုးသစ်များ၊ ဆားငန်ဒဏ်ခံ စပါးမျိုး သစ်များ၊ ရေအနည်းလို စပါးမျိုးသစ်များအား ရှင်းလင်းပြသကြသည်။

 

ရှင်းလင်းပြသမှုများကို တောင်သူများက စိတ်ပါဝင်စားစွာ လေ့လာကြပြီး စားသုံးမှု အရည်အသွေး အကဲဖြတ်ရန် ပြသထားသည့် ရွှေအာဆီယံ၊ ဝိုင်အေအာ-၁၄, ဝိုင်အေအာ-၀၇, ဝိုင်ကေကျူအာ-၀၃, ဝိုင်ဘီအက်အာ-၁၀,ဝိုင်ကျူအာ-၁၁, ဝိုင်ကေကျူအာ-၀၁, ဝိုင်အက်စ်အာ-, ဝိုင်အာအာ- ၁၂ဝိုင်အိုင်အာ- ၁၄ မျိုးများကို ဝိုင်းဝန်းအကဲဖြတ်ကြပြီး တောင်သူများမှတ်မိလွယ်သော မျိုးအမည်များ သတ်မှတ်ပေးနိုင်ရေး အကြံပြုကြသည်။

 

ထို့နောက် လေ့လာရေးတောင်သူအဖွဲ့သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၅၂) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့  တက်ရောက်ကြပြီး စိုက်ပျိုးရေး သုတေသနဦးစီးဌာန မျိုးစေ့ဘဏ်အတွင်း အအေးခန်းများ၌ မျိုးစေ့များ နှစ်တို၊ နှစ်ရှည် သိုလှောင်ထားရှိမှုများ၊ နိုင်ငံ တစ်ဝန်းမှ စုဆောင်းထားရှိသည့် စပါး၊ ပဲမျိုးစုံ အစရှိသည်တို့အား သရုပ်ပြသထားရှိမှုတို့ကို ကြည့်ရှု လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)