ပဲခူး ၁၄ မတ်

 


ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခေတ္တတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ မြတ်မိုးကြည် ဦးဆောင်၍ မတ် ၁၃ ရက် နံနက်ပိုင်းအချိန်က တောင်ငူနှင့်ဖြူး မြို့မဈေးတို့၌ ရောင်းချနေသော အစားအသောက်ပစ္စည်းများအား ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် သွားရောက်စစ်ဆေးခြင်းများ ပြုလုပ်ကြသည်။

 


ထိုသို့စစ်ဆေးမှုပြုလုပ်ရာတွင် ခေတ္တတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာမြတ်မိုးကြည်နှင့်အတူ သက်ဆိုင်ရာ မြို့နယ်များမှ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များပူးပေါင်းပါဝင်ပြီး ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်း၊ ကျပန်းနမူနာကောက်ယူခြင်း၊ ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ချက်ချင်းစစ်ဆေးခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။

 


ခေတ္တတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာမြတ်မိုးကြည်နှင့်အဖွဲ့သည် တောင်ငူနှင့်ဖြူး မြို့မဈေးအတွင်း၌ ရောင်းချနေသော အစားအသောက်နမူနာ အမျိုးပေါင်း ၄၀ အား ကောက်ယူပြီး ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် နမူနာ ၂၁ မျိုးအား ချက်ချင်းစစ်ဆေးရာ ကတက်ချဉ်နှင့် တမာချဉ်တို့တွင် ခွင့်မပြုဓာတုတာရှည်ခံပစ္စည်း SALYSALIC ACID ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ရောင်းချသူများအား ခံဝန်ကတိရေးထိုးစေခြင်း၊ ရောင်းချပစ္စည်းများအား သိမ်းဆည်းဖျက်ဆီးခြင်းပြုလုပ်ခဲ့ပြီး ကျန်နမူနာ ၁၉ မျိုးအား ခွင့်မပြုဓာတုဆိုးဆေးများ ပါဝင်မှု ရှိ မရှိ စစ်ဆေးရန်အတွက် ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဓာတ်ခွဲခန်းသို့ယူဆောင်လာကြောင်း သတင်းရရှိသည်။

 


တင်စိုး(ပဲခူး)

 

dd