နေပြည်တော် ၂ ဇွန်
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျေးရိုးကျေးရွာအုပ်စု၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် တည်ဆောက်ထားသော ရမ်းတိုလာကျေးရွာချင်းဆက် တံတားဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
ရှေးဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်ဆေးတို့က တံတားကို ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံ၌ ကျေးလက်တွင် နေထိုင်သူ (၇၀) ရာခိုင်နှုန်းခန့်ရှိပြီး အဓိကအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကထားဆောင်ရွက် လျက်ရှိကြောင်း၊ ဒေသခံလူထုအနေဖြင့်လည်း ဆန်စပါးနှင့် ပဲစိုက်ပျိုးသည်ကို သိရှိရကြောင်း၊ ကုန်ထုတ်ပစ္စည်းများကို လွယ်ကူစွာသယ်ပို့နိုင်ရေးသည် အလွန်အရေးကြီး ကြောင်း၊ ယခုကျေးရွာချင်းဆက်တံတားဖြစ်သော ရမ်းတိုလာတံတားသည် အရေးပါသော ကုန်ထုတ်လမ်း တံတားတစ်ခုဖြစ်ကြောင်း၊ ယခုတံတားသည် အခက်အခဲများကြားမှ ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်သဖြင့် ဖြစ်ပေါ်လာသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ကျခံ သုံးစွဲခဲ့ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း လိုအပ်သည်များကို ပူးပေါင်းပါဝင်ကူညီခဲ့မှုကြောင့် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးအစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်းဆုံးရလာဒ်ရရှိနိုင်သည်ကို ဤတံတားကသက်သေထူနိုင်ခဲ့ပါကြောင်း၊ ဤရွာချင်းဆက်တံတားသည်ရွာပေါင်း(၂၀) ကျော်အတွက် အကျိုးပြုမည်ဟု သိရှိရပါကြောင်း၊ ကုန်စည်စီးဆင်းမှုသည်လည်း ပိုမိုကောင်းမွန်သွားမည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း တံတားရေရှည်တည်တံ့ခိုင်မြဲအောင် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကြသည်။
အဆိုပါတံတားသည်အမျိုးသား သဘာဝဘေးအန္တရယ်ဆိုင်ရာ ရန်ပုံငွေမှ ငွေကျပ် (၅၇) သန်းနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ် (၅)သန်း စုစုပေါင်းငွေကျပ် ( ၆၂) သန်း အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်လေးပင်မြို့၊ မြို့နယ်ခန်းမ၌ ညောင်လေးပင်မြို့နယ်အတွင်းရှိ ကလေးသူငယ်ပြုစုစောင့်ရှောက်သူများ၊ မိဘများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပဋိသန္ဓေတည်သည်မှ သက်ကြီးဘိုးဘွားအထိ လူဘဝစက်ဝန်းတစ်လျောက် လူတစ်ဦးချင်း၊ တစ်ယောက်ချင်း၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် လူမှုကာကွယ်စောင့်ရှောက် ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ရှေးဦးအရွယ်ကလေး သူငယ်များအား ပြုစုစောင့်ရှောက်ရေးကဏ္ဍကို အာရုံစိုက် လုပ်ဆောင်လျက်ရှိရာ ယနေ့ ကလေးငယ်များသည် အနာဂတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် တာဝန်များကို လက်ဆင့်ကမ်းယူရမည်ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များပြုစု စောင့်ရှောက်ခြင်းသည် အနာဂါတ်အတွက် အကောင်းဆုံး ရင်းနှီးမြှပ်နှံမှုဖြစ်ပါကြောင်း၊ ကိုယ်ဝန်စရှိချိန်မှ ကလေး၂ နှစ်အထိ မိခင်များကို ငွေကြေးများ ထောက်ပံ့ပေးခြင်း (Maternal and Child Cash Transfer Program) ကိုပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများက တစ်ကိုယ်ရေမိခင်မှမွေးဖွားလာသူများအား မှတ်ပုံတင်ပြုလုပ်ပေးမည့်ကိစ္စ၊ မွေးစာရင်းကိစ္စ၊ မသန်စွမ်းမွေးဖွားလာလျှင် ရှေရှည်စောင့်ရှောက်နိုင်ရေးနှင့် အစိုးရကတာဝန်ယူမည့်ကိစ္စများ၊ ညွှန်းပို့ရန်ကိစ္စများကို ဆွေးနွေးကြရာပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ပဲခူး၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဒိုက်ဦး၊ ပြွန်တန်ဆာ မြို့နယ်များမှ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ သဘာဝဘေးကူညီ ကယ်ဆယ်ရေး ပရဟိတအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံပွဲတွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်ဆေးက ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးဖြစ်ပွားခဲ့မှုများ၊ ကြိုတင်ပြင်ဆင်ကာကွယ်ရေး လုပ်ငန်များနှင့်ပတ်သက်၍ ရှင်လင်းပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အရေးပေါ်စီမံခန့်ခွဲမှုဗဟိုဌာနမှဌာနကြီးမှူးက သဘာဝဘေးများနှင့်ပတ်သက်ပြီး ကြိုတင် ကာကွယ်မှု၊ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ချောင်းရေတိုက်စားမှုအခြေအနေများ၊ အရေးပေါ်အခြေအနေတွင် လက်တွေ့ဆောင်ရွက်ရာ၌ တွေ့ကြုံရသော အခက်အခဲများနှင့် ပတ်သက်ပြီး တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ညောင်လေးပင်မြို့နယ်၊ စည်ပင်ကျေးရွာတွင် မြေသားရေကန် တည်ဆောက်ခြင်းလုပ်ငန်းနှင့် ငါးကြီးအိုင်ကျေးရွာမြေသား ရေကန်ချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် စုစုပေါင်းငွေကျပ် (၃၅ သိန်း) ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)