ပဲခူး    ဖေဖော်ဝါရီ     ၅

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂)ကို Online Zoom Meeting System ဖြင့် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် ကြပ်ကြပ်မတ်မတ် ထိန်းချုပ်ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊ Community Based Facility Quarantine (CBFQ) ဆောင်ရွက်မည့်နေရာများ အသင့်ဖြစ်စေရေး ဆောင်ရွက်ထားရန ်လိုအပ်သလို စေတနာ့ဝန်ထမ်းများကိုလည်း ကြိုတင်စုစည်း ထားရမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့် လွှမ်းခြုံမှုရှိစေရေး  ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း” လမ်းညွှန် မှာကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးဌာနမှူး ဒေါက်တာသီဟက တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ စစ်ဆေးမှု၊ တွေ့ရှိမှုနှင့် ကာကွယ်ရေး လုပ်ငန်းစဉ်များကို လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းစဉ်များနှင့် ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများကို လည်းကောင်း တင်ပြကြရာ တိုင်းဒေသကြီး ကော်မတီဝင်များက မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကြံပြုဆွေးနွေး တင်ပြချက်များပေါ် ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက် ခဲ့ကြသည်။

တင်စိုး(ပဲခူး)