ပဲခူး ၂၄ ဧပြီ

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးသည် ဧပြီ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ကုသရေး‌ တောင်ငူခရိုင်ကော်မတီအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပြီး နှာခေါင်းစည်း(Mask) ၆၀ဝ၀ ခုအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးသည် အလျား ပေ ၆၀၊ အနံ ပေ ၄၀ အမြင့် ၂၈ ပေရှိ (၂)ထပ် RCC တောင်ငူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးမှူးရုံး တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

 

ယင်းနောက် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးသည် ညနေပိုင်းတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်း၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးမိုးမခ၊ ဦးအေးမင်းဝင်း တို့နှင့်အတူ Facility Quarantine စခန်းများဖြစ်သည့် မြို့မအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ TTCကျောင်းဟောင်း၊ ပညာရေးကော်လိပ်တို့ရှိ စောင့်ကြည့်ပြည်သူများအား လိုက်လံကြည့်ရှုပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်/ညွှန်ကြားချက်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များမှ လိုအပ်ချက်အရထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်/ညွှန်ကြားချက်များကို အထူးအလေးထားလိုက်နာကြရန် လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များ ဆွေးနွေးမေးမြန်းကာ အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)