နေပြည်တော် ဖေဖော်ဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များ အရည်အသွေးပြည့်ဝရေး၊ အစားအစာ ဘေးကင်းလုံခြုံရေးနှင့် တန်ဖိုးမြှင့်ကုန်ချော ထုတ်လုပ်မှု ဖွံ့ဖြိုးလာရေး၊ တိရစ္ဆာန်ရောဂါ ထိန်းသိမ်း စောင့်ကြည့် စစ်ဆေးရေးစခန်း (Animal Quarantine Station - AQS) တည်ဆောက် ဖွင့်လှစ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပဲခူးမြို့ မဇင်းရေလှောင်တမံသို့ ရောက်ရှိကြပြီး ဆည်ရေဝင်ရောက်မှု၊ လက်ရှိ ရေသိုလှောင်ထားရှိမှုနှင့် ဒေသအတွက် သောက်သုံးရေ စိုက်ပျိုးရေပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် ဘောနီရေလှောင်တမံ၏ ရေသိုလှောင် ထိန်းသိမ်းထားရှိမှု၊ ဆည်ရေသောက်စနစ်ရှိ တူးမြောင်းမကြီးနှင့် လက်တံမြောင်းများ၊ တူးမြောင်းအဆောက်အအုံများ ပြုပြင်ပြီးစီးမှုနှင့် စိုက်ပျိုးရေ ပေးဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက စိုက်ပျိုးရေ ပေးဝေနိုင်မှုနှင့် စိုက်ပျိုးထုတ်လုပ်မှု စွမ်းအားတိုးတက်ရေး၊ ဒေသရေမြေနှင့် ကိုက်ညီပြီး တောင်သူများ အတွက် ဝင်ငွေအကျိုးအမြတ် ပိုမိုရရှိစေမည့် သီးနှံပုံစံများ ချမှတ်ပေးနိုင်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာနများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အုပ်တွင်းမြို့နယ်၊ ကြက်တက်ညောင်ပင် ကျေးရွာအုပ်စု၊ ပိတောက်ခင်ကျေးရွာ ခပေါင်းဆည်ရေသောက်စနစ်အတွင်းရှိ စက်မှုလယ်ယာ စနစ်ကျလယ်မြေတွင် စိုက်ပျိုးထားသည့် နွေစပါးမျိုးစေ့ထုတ်စိုက်ခင်း ၂၀၆ ဧကကို ကြည့်ရှုအားပေးပြီး ဒေသနေ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး ဆိုင်ရာများ၊ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ တွဲဖက်လုပ်ကိုင်နိုင်ရေးနှင့် တန်းဖိုးမြှင့် သီးထပ်သီးနှံများ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


