နေပြည်တော် စက်တင်ဘာ ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ပဲခူတိုင်းဒေသကြီး၊ မြို့နယ် (၁၉) မြို့နယ်ရှိ စိုက်ပျိုးဧကပေါင်း(၈၃,၈၇၄)ဧကတွင် ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးသွားမည်ဖြစ်ပြီး အဆိုပါ ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးရေးလုပ်ငန်းများကို သမဝါယမကန်ထရိုက် လယ်ယာစနစ်ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဒုတိယဝန်ကြီး ဦးမြင့်စိုး သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့၊ ရှင်စောပုခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ သမဝါယမကန်ထရိုက်လယ်ယာစနစ်ဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြမည့် ပဲခူးမြို့နယ် ကျေးရွာအုပ်စုများမှ တောင်သူ (၁၅၀)တို့နှင့်တွေ့ဆုံ၍ နိုင်ငံတော်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ လယ်ယာစီးပွားကဏ္ဍ မြှင့်တင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများ၊ ယင်းသို့ဆောင်ရွက်ရာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ကျေးလက်ဒေသများ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် လမ်း၊ တံတား၊ မီး ရရှိရေး၊ ရေ ရရှိရေး စသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ နိုင်ငံတော်၏ မျှော်မှန်းချက်နှင့်အညီ ရာသီအလိုက် သီးနှံ များကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးပြီး မိသားစုဝင်ငွေတိုးရေး၊ လူမှုစီးပွားဘဝမြင့်မားရေး ကြိုးပမ်းဆောင်ရွက်လျက် ကြွေးမြီ ကင်းရှင်းသော မိသားစုဘဝကို ပိုင်ဆိုင်ခွင့်ရအောင် ဆောင်ရွက်ကြရေး မှာကြားသည်။
ဆက်လက်၍ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက ပဲခူးတိုင်းဒေသ ကြီးအတွင်း သမဝါယမကန်ထရိုက်လယ်ယာစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးမည့်စီမံကိန်း အောင်မြင်ရေး ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ တောင်သူများအနေဖြင့် သမဝါယမ အကျိုးတူလယ်ယာစနစ် ဆောင်ရွက်ခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကို လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ပဲတီစိမ်း စိုက်ပျိုးဆောင်ရွက်မည့် လျာထားချက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြ သည်။
ယင်းနောက် ဒေသခံတောင်သူများ၏ ပဲတီစမ်းစိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန ရုံးသို့ရောက်ရှိပြီး သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များမှာကြားခဲ့ပြီး ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ အသေးစားဓာတ်ခွဲခန်း (Mini Lab) အား ကြည့်ရှုစစ်ဆေး သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝေါမြို့နယ်၊ မြို့နယ်ခန်းမ၌ ဝေါမြို့နယ်အတွင်း ကျေးရွာအုပ်စု (၈) အုပ်စုမှ စိုက်ပျိုးဧက (၆,၃၂၉) ဧကတွင် ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးရေး နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ယင်းနောက် တောင်သူများမှ သိရှိလိုသည်များနှင့် ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ကောလိယခန်းမ၌ ဒိုက်ဦးမြို့နယ်၊ ကျေးရွာအုပ်စု (၅) အုပ်စုမှ စိုက်ပျိုးဧက (၁၁,၁၁၉) ဧကတွင် ပဲတီစိမ်းစိုက်ပျိုးမည့် အခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဒေသခံတောင်သူများ၏ ပဲတီစိမ်းစိုက်ပျိုးရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)