နေပြည်တော် ၁၇ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ ရှမ်းကုန်းကျေးရွာ မီးလင်းရေး ကိစ္စဆောင်ရွက်ရာတွင် အကြောင်းအမျိုးမျိုးပြကာ ငွေကြေးတောင်းခံ ခဲ့သော စစ်ကွင်းမြို့ လျှပ်စစ်မှူး ဦးဝင်းဗိုလ်အား အရေးယူပေးပါရန် နစ်နာသူများက ဤကော်မရှင်သို့ တိုင်ကြားခဲ့သည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့ လျှပ်စစ်မှူး ဦးဝင်းဗိုလ် သည် ရှမ်းကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် အထက်ဌာန၏ ခွင့်ပြုချက်မရှိဘဲ ရှမ်းကုန်းကျေးရွာအတွင်း ၄၀ဝ ဗို့ ဓါတ်အားလိုင်း တည်ဆောက်ခြင်း အား ငွေကျပ် သိန်း ၁၂၀ ဖြင့် ကန်ထရိုက် လုပ်ငန်းသဖွယ် လက်ခံဆောင်ရွက်ခဲ့ပြီး ရှမ်းကုန်းကျေးရွာမီးလင်းရေး ကော်မတီမှ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ၂၀၁၆ ခုနှစ် အတွင်း ငွေကျပ် ၃၅၀ဝ၀ဝ (ကျပ်သုံးသိန်း ငါးသောင်းတိတိ)အား သုံးကြိမ်ခွဲ၍ တောင်းခံရယူခဲ့ခြင်း၊ ၂၀၁၈ ခုနှစ်တွင် 11KV ဓါတ်အားလိုင်းနှင့် ဆက်စပ်ပစ္စည်း များကို ထုတ်ယူရန်အတွက် လမ်းခရီးစရိတ် ငွေကျပ် ၁၀ဝ၀ဝဝ ၊ 11KV ဓါတ်အားလိုင်းအတွက် အစိုးရချထားပေးသော ဘတ်ဂျက်နှင့် မလုံလောက် ကြောင်း အကြောင်းပြ၍ ငွေကျပ် ၅၀ဝ၀ဝဝ တို့ကို ထပ်မံတောင်းခံရယူခဲ့ခြင်း နှင့် 11KV ဓါတ်အားလိုင်း တည်ဆောက်ရာတွင် ပန်းရန်ခ ၇၅၀ဝဝ အား ကျေးရွာမီးလင်းရေး ကော်မတီ အား ကျခံစေခဲ့ခြင်းတို့သည် ရာထူးတာဝန်အရ ပေးအပ်သော လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှုများ ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မင်းလှမြို့နယ် စစ်ကွင်းမြို့လျှပ်စစ်မှူး ဦးဝင်းဗိုလ်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မင်းလှမြို့နယ်၊ စစ်ကွင်းနယ်မြေရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။
MDN