နေပြည်တော် ၅ ဖေဖော်ဝါရီ  

 

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နေ နစ်နာသူက ၂၀၁၇-၂၀၁၈ ခုနှစ်တွင်း မင်းလှမြို့၌ တိုက်အိမ်ဆောက်လုပ်မှုနှင့် ပတ်သက်၍ ပြည်တွင်းအခွန်ဦးစီးဌာနသို့ အခွန်စည်းကြပ်ငွေ အချိန်မီ ပေးသွင်းခဲ့သော်လည်း ပေးသွင်းရန်ငွေထက် ပိုမိုတောင်းခံခြင်းနှင့် အိမ်ငှားရမ်းရာတွင်လည်း အိမ်ငှားရငွေအပေါ် အခွန်ဟုဆိုကာ ခြိမ်းခြောက်ငွေတောင်းခံနေခြင်းတို့ ပြုလုပ်နေသည့် အခွန်ဦးစီးမှူးနှင့် ဒုတိယဦးစီးမှူးတို့အား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့သည်။


တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကစုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြည်တွင်း အခွန်များဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးတာဝန် ဒုတိယဦးစီးမှူး ဦးခင်မောင်သန်းနှင့် ဒုတိယဦးစီးမှူး ဒေါ်အေးအေးခိုင်တို့သည် မင်းလှမြို့၊ အမှတ်(၇)ရပ်ကွက်၊ တောင်ဘက် မြို့သစ်(၂)လမ်း နေအိမ်နှင့်ပတ်သက်၍ အိမ်ပိုင်ရှင်ထံမှ လူကြီးများကို ဂါရဝပြုရန်နှင့် ခရီးစရိတ်အဖြစ် ငွေကျပ်(၁၀)သိန်းကိုလည်းကောင်း၊  မင်းလှမြို့နယ် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ (၅)ဖွဲ့သို့ သွားရောက်လက်မှတ်ရေးထိုးခအဖြစ် ငွေကျပ် ၂၃၀၀၀ဝိ/- (ကျပ်နှစ်သိန်း သုံးသောင်းတိတိ) ကိုလည်းကောင်း၊ တောင်ဘက် မြို့သစ် (၁၃)လမ်း နေအိမ်နှင့်စပ်လျဉ်း၍ စည်းကြပ်ဝင်ငွေခွန်အဖြစ် ငွေကျပ် (၁၇)သိန်း တောင်းခံရယူခဲ့သော်လည်း မြန်မာ့စီးပွားရေး ဘဏ်ပြေစာအရ စည်းကြပ်ဝင်ငွေခွန် စုစုပေါင်း ပေးသွင်းငွေမှာ ၁၂၃၈၈၀ဝ ဖြစ်သဖြင့် ကျန်သည့် ပိုငွေ ၄၆၁၂၀ဝ ကိုလည်းကောင်း လက်ခံရယူခဲ့ခြင်းသည် ၎င်းတို့၏ရာထူး တာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဒုတိယဦးစီးမှူး ဦးခင်မောင်သန်းနှင့် ဒုတိယဦးစီးမှူး ဒေါ်အေးအေးခိုင်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အရေးယူဆောင်ရွက်ရန် မင်းလှမြို့မရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ သတင်းရရှိသည်။ 


(သတင်းစဉ်)