ပဲခူး မေ ၂၅
ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် မေ ၂၅ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ အီလက်ထရောနစ် ပြည်သူ့ကျန်းမာရေး သတင်းစနစ် (DHIS 2 software) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စီမံကိန်းနှင့် သတင်းအချက်အလက်ဌာနခွဲမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ ကျန်းမာရေး သတင်းအချက်အလက် မြို့နယ်နယ်တာဝန်ခံများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ COVID ကာလ၌ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများတွင် ကျန်းမာရေး သတင်းအချက်အလက် လုပ်ငန်းသည် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် DHIS2 software သင်တန်းသည် လက်ရှိတွင် မိမိတို့၏ သတင်းအချက်အလက်များကို အစီရင်ခံပေးပို့နေကြသည့် မြို့နယ်အသီးသီးမှ စာရင်းအင်းပြုစုပေးနေသူများကို DHIS2 software နှင့် ပတ်သက်၍ ပိုမိုအသုံးပြုတတ်စေရန်အတွက် ဖွင့်လှစ်သည့်သင်တန်းဖြစ်ကြောင်း၊ ကျန်းမာရေး သတင်းအချက်အလက်များ ကောက်ယူသည့် အဓိကရည်ရွယ်ချက်သည် ကျန်းမာရေးစနစ် တိုးတက်ကောင်းမွန်ရန် စီမံခန့်ခွဲသည့်နေရာတွင် အကျိုးရှိစွာ အသုံးပြုရန်ဖြစ်ကြောင်း၊ DHIS2 softwareကို data ထည့်တတ်ရုံမဟုတ်ဘဲ ထုတ်ယူသုံးစွဲနိုင်ရန်အတွက်ပါ အကျွမ်းတဝင်ဖြစ်အောင် ကြိုးစားစေလိုကြောင်း သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါသင်တန်းအား မေ ၂၅ ရက်မှ ၂၇ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄)ခရိုင်နှင့် မြို့နယ်(၂၈)မြို့နယ်မှ သင်တန်းသား/ သင်တန်းသူ (၅၈)ဦး တက်ရောက်ကာ သင်တန်းဆရာ (၄)ဦးမှ District Health Information Software2 (DHIS2) နှင့် သက်ဆိုင်သည့် အခြေခံအကြောင်းအရာများ၊ DHIS2 အသုံးပြုရန် အခြေခံလိုအပ်ချက်များ၊ အချက်အလက်ဖြည့်သွင်းခြင်းများ၊ အစီရင်ခံပုံစံ၊ ကိန်းဂဏန်းအချက်အလက်များကို ဂရပ်များဖြင့်ဖော်ပြခြင်း၊ အမြဲအသုံးပြုမည့် အညွှန်းကိန်းများ အလွယ်တကူ ဆန်းစစ်နိုင်ရန် Dashboard တည်ဆောက်ခြင်း၊ Pivot Table အချက်အလက်အား ဇယားဖြင့်ဖော်ပြခြင်း စသည့်အကြောင်းအရာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)