နေပြည်တော် ဒီဇင်ဘာ ၁၈
နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေနှင့် ကုမ္ပဏီ၏မတည်ငွေတို့ဖြင့် ၂၀၂၃ ခုနှစ် အကျိုးတူလယ်ယာ နွေစပါးရာသီ ဖွင့်ပွဲ၊ ၂၀၂၂ ခုနှစ် မိုးစပါးရာသီ ထူးချွန်တောင်သူ ဆုချီးမြှင့်ခြင်း နှင့် GW-11 မျိုးစပါးနှင့် စိမ်းဩဂဲနစ်ကွန်ပေါင်းမြေဩဇာ အရောင်းပြခန်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်ရှိ ယွန်လျှံ လယ်ယာအထောက်အကူပြုစခန်း၌ ကျင်းပသည်။
အခန်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို ဒုတိယဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဖွင့်ပွဲအခမ်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းစားနပ်ရိက္ခာဖူလုံစေရေးနှင့် အရည်အသွေးမြင့်မားသည့် ကုန်ပစ္စည်း ထုတ်လုပ်မှုနှင့် ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးအတွက် ကနဦးရင်းနှီးမြှုပ်နှံခြင်းနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ် ထောက်ပံ့ပေးလျက်ရှိသကဲ့သို့ ဝန်ကြီးဌာနအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို ဖော်ဆောင်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး က ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေးအတွက် အသေးစား၊ အငယ်စား နှင့် အလတ်စားလုပ်ငန်းများ တိုးပွားပေါ်ထွန်းလာစေရန် နည်းပညာနှင့် သင်တန်းများပေးခြင်း၊ ဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ မတည်ရင်းနှီးငွေ ပံ့ပိုးပေးခြင်း၊ လုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များနှင့် တောင်သူများ အကြား ဟန်ချက်ညီပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ယွန်လျှံလယ်ယာ အထောက်အကူပြုစခန်း ရှေ့ပြေးစီမံကိန်း ဥက္ကဋ္ဌ က တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကိုရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးများက ၂၀၂၂ ခုနှစ် မိုးစပါးရာသီ ထူးချွန်တောင်သူများကို ဆုများချီးမြင့်ကြသည်။
အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်၊ သပြေတန်းကျေးရွာအုပ်စု မျိုးစပါးပေးအပ်ပွဲတွင် တောင်သူများနှင့် ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ တောင်သူများကို မျိုးစပါးများ ပေးအပ်သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေတာရှည်သကြားစက်ရုံ ၏ ၂၀၂၂-၂၀၂၃ ခုနှစ် ကြံစိုက်ပျိုးမှု၊ ကြံဝယ်ယူရရှိမှုနှင့် နှစ်အလိုက်ကြံ ကြိတ်ဝါးမှုကို ကြည့်ရှုစစ်ဆေးပြီး ကြံတောင်သူများ ဝင်ငွေတိုးတက်ရရှိစေရေး၊ ကြံမျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲနိုင်ရေး၊ နည်းပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေးနှင့် စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်