သဲကုန်း၊ ၄  ဇွန်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျေးလက်နေ အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းနှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများလုပ်ကိုင်ရာတွင်အထောက်အကူပြုစေရေး၊ လူနေမှုဘဝမြှင့်တင်ရေး ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းကို ကြို့ကုန်းကျေးရွာ၌ ယနေ့နံနက် ၁၀နာရီကဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရ သည်။

အခမ်းအနားတွင် သဲကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ချစ်ချစ်စိုးက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များအား ရှင်းလင်းပြောကြားပြီး သင်တန်းတက်ရောက်ကြမည့် သင်တန်းသူများ အနေဖြင့် သင်တန်းကာလပြီးဆုံးသည်အထိ တက်ရောက်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများအား သင်တန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းသို့ သင်တန်းသူ ၂၅ ဦးတက်ရောက်မည်ဖြစ်ပြီး သင်တန်းတွင် အခြေခံလက်ချုပ်၊ စက်ချုပ်၊ ပုဆိုး/လုံချည်ချုပ် လုပ်ခြင်းဘာသာရပ်၊ ခေါင်းအုံးစွပ်၊ ကလေးဘောင်းဘီ၊ ကလေးအင်္ကျီ၊ အမျိုးသမီးဝတ်အင်္ကျီရင်ဖုံး၊ ဘလောက်စ် စသည့်အခြေခံစက်ချုပ်ဘာသာရပ်များအား စာတွေ့လက်တွေ့ တစ်လကြာ သင်တန်းဆရာမ နှစ်ဦးမှသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချစ်ချစ်စိုး ကပြောပြ၍ သိရသည်။

ငြိမ်းသူ