ပဲခူး    ဇူလိုင် ၃၀

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက သဘာဝဘေး အန္တရာယ်သည် မျှော်မှန်း၍ မရနိုင်သော်လည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ထား ခြင်းဖြင့် ထိခိုက်မှုလျော့နည်းသက်သာနိုင်မည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် မိုးရေချိန်များ သည့် တိုင်းဒေသကြီးတစ်ခုဖြစ်သလို မြစ်/ချောင်းဘေး တစ်လျှောက် ကျေးရွာနှင့် မြို့များတည်ထား ခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများကို အထိုက်အလျောက် နှစ်စဉ်ခံစားရကြောင်း၊ တစ်နှစ်ထက် တစ်နှစ် ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရန်အတွက် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ပိုမိုဆောင်ရွက်နေသလို ပြည်သူလူထုအတွင်းသို့လည်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် သတင်းအချက်အလက်များ မှန်ကန်မြန်ဆန်စွာ ရောက်ရှိစေရေး လိုအပ်မည်ဖြစ်ကြောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ပဲခူးမြို့တွင် ပဲခူးမြစ်ရေ၊ ညောင်လေးပင်မြို့နယ် မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေနှင့် ရွှေကျင်မြို့တွင် ရွှေကျင်မြစ်ရေတို့သည် စိုးရိမ်ရေအမှတ်အထက်သို့ အသီးသီးရောက်ရှိနိုင်မည်ဖြစ်၍ အဆိုပါမြို့များရှိ ရပ်ကွက်/ကျေးရွာများ အား သတင်းအချက်အလက်များ ကြိုတင်အသိပေးထားရန်၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် လိုအပ်သော စက်ယာဉ်ယန္တရားများ အသင့်အနေအထားဖြစ် စေရေး ဆောင်ရွက်ထားရန်တို့အား အကြံပြု ဆွေးနွေးတင်ပြသည်။

ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဌာနအလိုက် တင်ပြကြပြီး ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက လိုအပ်ချက်များ တင်ပြကြရာ ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် ၃၂ ဒသမ ၃ သန်းဖြင့် ဆောင်ရွက်နေသည့် ပဲခူးမြို့၊ ညောင်ဝိုင်းရပ်ကွက်၊ ကြခတ်ဝိုင်းဘုန်းတော်ကြီးကျောင်းအနီး ပဲခူးမြစ် ယာယီကမ်းပြို ကာကွယ်ရေးလုပ်ငန်းသို့ သွားရောက် ကြည့်ရှုခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးရဲသွေးအောင်က လုပ်ငန်းဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့သည်။

တင်စိုး(ပဲခူး)