နေပြည်တော် ၂၇ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့သို့ ကျောက်သဲတင်ယာဉ်ဖြင့် ပျဉ်းကတိုး ၂ တန် ခန့်အား သယ်ဆောင်လာစဉ် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂ ရက် နံနက် ၃ နာရီခွဲတွင် တောင်ငူမြို့မစခန်းမှ နယ်ထိန်း ဒုတိယရဲအုပ် ဟန်လင်းအောင်ပါ တပ်ဖွဲ့ဝင် (၈)ဦးက တောင်ငူမြို့အဝင် အဝေးပြေးယာဉ် ရပ်နားစခန်းအနီး၌ ဖမ်းဆီးပြီး လာဘ်ငွေတောင်းခံသဖြင့် ပေးခဲ့ရခြင်းအား အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ် ဟန်လင်းအောင်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁ ရက် ညဉ့်နက် လှည့်ကင်းတာဝန်ထမ်းဆောင်စဉ် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂ ရက် နံနက် ၃နာရီခွဲတွင် သစ်များတင်ဆောင်လာသော မော်တော်ယာဉ်အား တားဆီးပြီး လာဘ်ငွေကျပ်သိန်း ၅၀ တောင်းခံခဲ့ကြောင်း၊ အကြိမ်ကြိမ်ညှိနှိုင်း၍ ငွေကျပ် (၁၀)သိန်းပေးလျှင် မော်တော်ယာဉ် အား လွှတ်ပေးမည်ဟု ဒုတိယရဲအုပ် ဟန်လင်းအောင်က ပြောဆိုပြီး ငွေကျပ် (၁၀)သိန်းကို (၂)ကြိမ်ခွဲ၍ လက်ခံရယူခဲ့ခြင်းသည် ပေးအပ်ထားသော ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒုတိယရဲအုပ် ဟန်လင်းအောင်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။
သတင်းစဉ်