မန္တလေး ၄ ဩဂုတ်

 

ပဲခူးတိုင်းဒေသကြီး တော်ဝိဘူတာနှင့် ပိန်းဇလုတ်ဘူတာကြားတွင် မီးရထားလမ်း ရေကျော်နေသဖြင့် ယနေ့ (ဩဂုတ်လ ၄ ရက်) ရန်ကုန်-မန္တလေး ရထားထွက်ချိန် နောက်ကျမည်ဖြစ်ကြောင်း မြန်မာ့မီးရထား သွား/လာ (မန္တလေးတိုင်းဒေသကြီး) ဌာနမှ သိရသည်။

 

တော်ဝိဘူတာနှင့် ပိန်းဇလုတ်ဘူတာကြားတွင် မီးရထားလမ်း ရေကျော်နေသဖြင့် ရန်ကုန်နှင့် မန္တလေးမှ ထွက်မည့်ရထားများ ပုံမှန်ချိန်ထက် ၂ နာရီခန့် နောက်ကျပြီးမှ ထွက်မည်ဖြစ်ကြောင်း သိရသည်။

 

“မြစ်ရေတက်လာတဲ့အတွက် ရေကျော်တာပါ။ ပုံမှန်ရထားထွက်ချိန်အတိုင်းဆို အဲဒီနေရာကို ည ၂ နာရီခွဲလောက်မှာ ရထားဖြတ်မှာပေါ့။ လမ်းပိတ်မှာ ၅ နာရီလောက်ဆိုတော့ စထွက်တဲ့အချိန်ကို ၂ နာရီလောက် နောက်ကျပြီးမှ ထွက်လိုက်တာပါ” ဟု မြန်မာ့မီးရထား သွား/လာ (မန္တလေးတိုင်းဒေသကြီး) ဌာန လက်ထောက်မန်နေဂျာ ဦးနေလင်းအောင်က ပြောသည်။

 

မီးရထားလမ်းရေကျော်မှုတွင် ရေကျချိန်စောင့်ဆိုင်းကာ ပျက်စီးသည့်နေရာများအား ပြန်လည်ပြုပြင်မည်ဖြစ်ကြောင်း သိရသည်။ ပုံမှန် ရန်ကုန်-မန္တလေး ရထားထွက်ချိန်မှာ မွန်းလွဲ ၃ နာရီ တစ်စီး၊ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင်တစ်စီးထွက်ကြောင်း သိရသည်။

 

မေသက်ထား