ပဲခူး၊ ၄ ဒီဇင်ဘာ

ပဲခူးတိုင်းဒေသကြီး တင်ဒါလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ ဒီဇင်ဘာ ၃ ရက်  မွန်းလွဲ ၂ နာရီက Online Meeting စနစ်ဖြင့် ကျင်းပသည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့ တိုင်းဒေသကြီးအတွင်း ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေး လုပ်ငန်းများရှိကြောင်း၊ တင်ဒါလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်မှ (၁/၂၀၁၇) ညွှန်ကြားချက်နှင့်အညီ မှန်မှန်ကန်ကန် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း စိစစ်ရွေးချယ်ရန် အရေးကြီးကြောင်း၊ ကုမ္ပဏီများ ရွေးချယ်ရာတွင်လည်း ယခင်လုပ်ဆောင်ခဲ့သည့် ကုမ္ပဏီ၏ လုပ်ငန်း ဆောင်ရွက်မှု မှတ်တမ်းများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများဖြစ်၍ အထူးသဖြင့် ပွင့်လင်းမြင်သာမှုရှိရန်နှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိသည့် လုပ်ငန်းစဉ်ဖြစ်ရန် အထူးအလေးထား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သက်ဆိုင်ရာ တင်ဒါစိစစ်ရေးကော်မတီအလိုက် လုပ်ငန်းများ စိစစ်ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဆန်းက တင်ဒါလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် လုပ်ထုံးလုပ်နည်းများကို လည်းကောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တင်ဒါရွေးချယ်ရာတွင် ဌာနအလိုက် ထည့်သွင်းစဉ်းစား စိစစ်ဆောင်ရွက်ရမည့် ကဏ္ဍများကိုလည်းကောင်း အသီးသီး တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားသည်။

တင်စိုး(ပဲခူး)