ပဲခူး ၂၅ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်းအတွင်းတွင် ဇန်နဝါရီ ၂၅ ရက် နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံး ဖွင့်လှစ်ပွဲ ကျင်းပသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံး ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကာ၊ ပဲခူးတိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်လွင်က အမွှေးနံသာရည်များ ပက်ဖျန်းပေးခဲ့သည်။
ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ရုံးအား ဥပဒေဆိုင်ရာ အထောက်အကူပေးရာတွင် ဥပဒေအရာ၌ မျှတမှုနှင့် တန်းတူညီမျှမှု အခွင့်အရေးများ ရရှိစေရန်၊ ပြစ်မှုများတွင် ဥပဒေနှင့်အညီ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်တို့ကို ဆောင်ရွက်ရာတွင် နိုင်ငံတကာ စံချိန်စံညွန်းနှင့်ကိုက်ညီမှု၊ စိတ်ကောင်းစေတနာ ထားရှိမှုတို့ကို အခြေခံ၍ ထိရောက်သည့် ဥပဒေဆိုင်ရာ အထောက်အကူ ရရှိစေရန်၊ တရားဥပဒေစိုးမိုးမှု မြင့်မားလာစေရန်အလို့ငှာ ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုရရှိစေရန်၊ ပြစ်မှုဆိုင်ရာ ဥပဒေပြဿနာများကို ဖြေရှင်းရာတွင် ပွင့်လင်းမြင်သာပြီး တရားမျှတမှုရရှိစေခြင်းဖြင့် တရားဥပဒေစိုးမိုးမှုနှင့် တရားဥပဒေအပေါ် ယုံကြည်မှု ပိုမိုမြင့်မားလာစေရန်၊ အမှုများကို မှန်မှန်နှင့်မြန်မြန် စီရင်ဆုံးဖြတ်နိုင်ရေးနှင့် အထောက်အကူပြုရန်၊ မှုခင်းများကို ကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူပြုရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။
အခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ ဥပဒေချုပ်၊ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး၊ အစိုးရအဖွဲ့ ဝန်ကြီးများ၊ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး၊ တိုင်း/ ခရိုင်/ မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ဝင်များ၊ ဥပဒေနှင့် တရားရေးဌာန တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဟိန်းထက်(ပဲခူး)