နေပြည်တော် စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ငွေကျပ်သိန်း ၃,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၂ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် စက်တင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် တောင်ကြီး-မြဝတီ ခရီးသည်တင်ယာဉ်ကိုရှာဖွေရာ ယာဉ်ပေါ်ပါ ခရမ်းချဉ်သီး သေတ္တာများအတွင်း သိုဝှက်သယ်ဆောင် လာသည့် ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများပိုင်ရှင် စောလင်းထိန်(ခ)ကျော်ကျော်အား စက်တင်ဘာ ၁၃ ရက် မွန်းတည့် ၁၂ နာရီတွင် မြဝတီမြို့၊ စိမ်းလဲ့မြိုင်အဝေးပြေး ကားဝင်းတွင် Toyota Ipsum ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းအားဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)