ကြို့ပင်ကောက် ဧပြီ ၂၄
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော မြို့အနောက်ဘက်ခြမ်း တိုးချဲ့ရေပေးရေးလုပ်ငန်းအား ယနေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့အနောက်ဘက်ခြမ်း တိုးချဲ့ရေပေးဝေရေးလုပ်ငန်းအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့် မြို့မိမြို့ဖဦးတင်ဦးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ရေရှားပါးသောမြို့ဖြစ်၍ ရေရရှိရေးလုပ်ငန်း ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိမ်းသိမ်း ဆောင်ရွက်သွားကြစေလိုကြောင်း၊ ယခုရရှိသောရေသည် သုံးရေအဆင့်သာဖြစ်၍ သန့်ရှင်းသော သောက်ရေအဆင့်ထိရရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်မှ မြို့အနောက်ဘက်ခြမ်း ရေပို့လွှတ်ပေးသည့် ရေဘားအား စတင်ဖွင့်လှစ်ပေးပြီး ဒေသခံပြည်သူများ ရေရရှိသုံးစွဲနေမှုအခြေအနေများကို ရင်းရင်းနှီးနှီး တွေ့ဆုံမေးမြန်း၍ လိုအပ်ချက်များအား သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများနှင့် ပေါးစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့သည်။
ကြို့ပင်ကောက်မြို့တွင် တိုင်းဒေသကြီးအစိုးရဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေများဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်က မြို့အရှေ့ဘက်ခြမ်းရေးရရှိရေး လုပ်ငန်းအတွက် ငွေကျပ်သန်းပေါင်း ၅၅၇ ဒသမ ၆၀၆ သန်း အကုန်အကျခံ ဆောင်ရွက်ပေးခဲ့ပြီး ယခု မြို့အနောက်ဘက်ခြမ်း တိုးချဲ့ရေးပေးဝေရေးလုပ်ငန်းအား ငွေကျပ်သန်းပေါင်း ၄၂၂ ဒသမ ၃၁၅ သန်းဖြင့် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)