ပဲခူး နိုဝင်ဘာ ၂၁

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းက အစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့ ကမ္ဘောဇသာဒီ နန်းတော်ရာဝန်းအတွင်း ပြည်တွင်း/ ပြည်ပ ခရီးသွားများ ပိုမိုလာရောက်လည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့အား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် ကုမ္ပဏီတာဝန်ရှိသူများက ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ ပျော်ရွှင်အေးချမ်းလုံခြုံစွာ အနားယူအပန်းဖြေ လည်ပတ်နိုင်ရေးအတွက် ဖျော်ဖြေရေးကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် ဗဟုသုတ လေ့လာနိုင်ရေးကဏ္ဍများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံရှင်းလင်း တင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကမ္ဘောဇသာဒီ နန်းတော်သည် ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်သူ ဘုရင့်နောင်မင်းတရားကြီး ထီးနန်းစိုက်ရာနေရာဖြစ်၍ ပြည်တွင်းသာမက ပြည်ပနိုင်ငံများကပါ စိတ်ဝင်တစား လာရောက်လည်ပတ်ရသည့် နေရာတစ်ခုဖြစ်ကြောင်း၊ အဓိကအားဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများမှ ပိုမိုလာရောက်လည် ပတ်လျက်ရှိသည့်အတွက် နိုင်ငံတကာခရီးသွား လမ်းညွှန် website ဖြစ်သည့် Museum Pool နှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်၊ အနောက်နိုင်ငံသား ခရီးသွားများသည်  ရှေးဟောင်းပစ္စည်းများနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် လေ့လာရာတွင် စိတ်ဝင်စားမှုရှိသဖြင့် နန်းတော်ရာဝန်းအတွင်း တူးဖော်တွေ့ရှိထားသည့် ရှေးဟောင်းပစ္စည်းများအတွက် သီးခြားပြတိုက် ထားရှိသွားရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသပ်ရပ်မှု ရှိစေရေးတို့ကို အထူးအလေးထား ဆောင်ရွက်သွားရန်နှင့် ဒေသတွင်းသာမက ပြည်ပခရီးသွားများ လာရောက်လည်ပတ်နိုင်ရေး Travel Blogger များဖိတ်ခေါ်၍ ခရီးသွားလုပ်ငန်းမြှင့်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

 

ကမ္ဘောဇသာဒီနန်းတော်ကြီးသည် ပဲခူးမြို့ကျက်သရေဆောင် ဆုတောင်းပြည့် ရွှေမော်ဓောဘုရား တောင်ဘက်မုခ်အနီး နန်းတော်ရာ ရပ်ကွက်တွင်တည်ရှိပြီး မြေဧရိယာ (၆၄) ဧကခန့် အကျယ်အဝန်းရှိသည့် ပဲခူးရှေးဟောင်း ဇုန်ထဲတွင်ပါဝင်သည့် အထင်ကရနေရာတစ်ခုဖြစ်သည်။

 

ကမ္ဘောဇသာဒီနန်းတော်ကြီးသို့ တစ်နှစ်လျှင် ကမ္ဘာလှည့်ခရီးသွား နိုင်ငံခြားသားဦးရေ (၂) သိန်းနီးပါးနှင့် ပြည်တွင်းခရီးသွားဧည့်သည် (၆) သိန်းကျော် လာရောက်လည်ပတ် အနားယူ အပန်းဖြေကြပြီး လေ့လာစရာအဖြစ် ရှေးဟောင်းကျွန်းတိုင်ကြီးများ၊ မြန်မာနိုင်ငံနှင့် သမိုင်းထင်ရှားမင်း (၃) ပါးတို့၏ ပုံတူ ပန်းချီကားချပ်များ၊ ခေတ် (၃) ခေတ် နန်းတော်ပုံပန်းချီကားချပ်၊ မြန်မာမင်းတို့၏ ကန်တော့ခံ အခမ်းအနားပုံ ပန်းချီကားချပ်၊ ဘုရင့်နောင် မင်းကြီးတရားကြီး စီးနင်းအသုံးပြုခဲ့သည့် ပုံတူရထားတော်ကြီး၊ နန်းတော်ကုန်းတူးဖော်စဉ်က တွေ့ရှိသည့် ရှေးဟောင်းပစ္စည်းများ၊ သီဟသနပလ္လင်တော်နှင့် အသုံးအဆောင်ပစ္စည်းများ၊ နန်းဆောင်များ၊ ပြတိုက်များရှိသည့်အပြင် အခမဲ့ငှားရမ်း ဆော့ကစားနိုင်သည့် ကစားနည်းမျိုးစုံ ဂိမ်းများဆော့ကစားနိုင်ခြင်း၊ အခမဲ့အင်တာနက် သုံးစွဲခွင့်ရရှိအောင် စီစဉ်ပေးထားခြင်း၊ ပန်းခြံအတွင်း သုတ၊ ရသနှင့် အင်္ဂလိပ်၊ မြန်မာ ကလေးစာအုပ်ပေါင်း (၁၀၀၀) ကျော် ဖတ်ရှု့နိုင်ရန် ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်ပေးထားခြင်း၊ နေ့ထူး၊ နေ့မြတ်များနှင့် ပွဲတော်ရက်များတွင် လာရောက်လည်ပတ်သည့် ဧည့်သည်များအား ဖျော်ဖြေရေး အစီအစဉ်များနှင့် တင်ဆက်ပေးခြင်းများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ယခုအခါ ကမ္ဘောဇသာဒီ နန်းတော်ကြီးအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှစတင်၍ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီခွဲအထိ ပြန်လည်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)