ပြည် အောက်တိုဘာ ၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ပြည်မြို့၊ သရေခေတ္တရာပျူမြို့ဟောင်းကို ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင် စားပြီး ပိုမိုလာရောက်လည်ပတ်နိုင်စေရေးအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက် ထားမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးဆောင်ရွက်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သရေခေတ္တရာ ပျူမြို့ဟောင်းသို့ ခရီးသွားများ ကျယ်ဝန်းလွတ်လပ်စွာသွားလာနိုင်ရေး (၄)လမ်းသွားကားလမ်း ဖောက်လုပ်နိုင် ရန် လမ်းအူကြောင်းရှာဖွေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပျူမြို့ဟောင်းရှိ နန်းတော်ရာကုန်းသို့ သွားရောက်၍ နန်းတော်ရာကုန်း ပြန်လည်တူးဖော်မည့် အစီအစဉ်များ၊ နန်းတော်ရာ ကုန်းပတ်လည်အတွင်း ကျုံးပြန်လည်တူးဖော်မည့် အစီအစဉ်များနှင့် အတွင်းကျုံးအား ရေအမြဲရှိစေရေး မူလရေဝင်ရေလွှဲစနစ်အား ပြန်လည်ဖော်ထုတ်နိုင်ရေး ဦးသောမကန်၊ ရဟန္တာကန်နှင့် ကြာကန်တည်ရှိနေမှုတို့ ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးမူမပျက် စနစ်တကျ တူးဖော်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပျူမြို့ဟောင်းအတွင်း၌ (view Point) ပြုလုပ်မည့် သောင်းပြည့်ကုန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စနစ်တကျ မြေပြင်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားသည်။

ထို့နောက် ပျူမြို့ဟောင်း မြို့ဝင်တံခါးပေါက်၊ မြို့ရိုးနှင့်ကျုံး ပြန်လည်ဖော် ထုတ်နိုင်ရေး မှုတ်ရှည်မြို့ဝင်တံခါးပေါက်၌ ကျူးကျော်နေအိမ်များ ဖယ်ရှားရှင်းလင်းမှု အခြေအနေကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး သတ်မှတ်ရှေးဟောင်းဧရိယာအတွင်း ကျူးကျော် နေထိုင်မှုများမရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ရေတွန်းစက်ရုံ အနောက်ဘက် ဧရာဝတီမြစ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ကမ်းပြိုကမ်းစားမှုမရှိစေရေး သဲသောင် ခုံများ တူးဖော်ရန်နေရာနှင့် ဧရာတီမြစ်ကမ်းတစ်လျှောက် ဒေသခံပြည်သူများ အပန်းဖြေစေရန် ကမ်းနားလမ်း အဆင့်မီကမ်းနားလမ်းအဖြစ်  ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်