သာယာဝတီ မတ် ၂၇

 

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် မတ် ၂၆ ရက်က သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်သည်။

 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ ကျွဲသတ်ကျေးရွာအုပ်စု၊ တောင်သူဦးမျိုးမြင့်၏ ဆီထွက်သီးနှံ ဆင်းရွှေကြာ (၂) နေကြာမျိုးစိုက်ခင်း ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဓါတ်မြေသြဇာ (၅) အိတ် ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် သဲဖြူကျေးရွာ၊ တောင်သူ ဒေါ်အေးစန်း၏ (GW-11) နွေစပါး မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှုခဲ့ရာ ဒေသနှင့်ကိုက်ညီပြီး မျိုးကောင်းမျိုးသန့်ရရှိစေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

 

mdn

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တိရစ္ဆာန်အစားအစာ အပင်စိုက်ခင်း (နေပီယာမြက်) စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံ မွေးမြူရေးတောင်သူများလည်း စိုက်ပျိုးနိုင်ရေး အသိပညာပေးခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကာ ဂွေးတောက်ကွင်းကျေးရွာရှိ (GW-11) နွေစပါးမျိုးစေ့ထုတ်စိုက်ခင်း ဓါတ်မြေသြဇာ ကြဲပတ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး သဘာဝမြေသြဇာ ထုတ်လုပ်သုံးစွဲနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ သပြေကုန်း ကျေးရွာ၌ ဦးစိုးနိုင်၏ အသားတိုးဝက် မွေးမြူရေးခြံသို့ ရောက်ရှိခဲ့ပြီး မျိုးကောင်းမျိုးသန့် ရရှိရေးနှင့် ပြည်တွင်းမှရရှိသည့် ကုန်ကြမ်းများဖြင့် တိရစ္ဆာန်အစာ ထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် နတ်တလင်းဘူတာ ပြန်လည် အဆင့်မြှင့်တင်နိုင်ရေးနှင့် နတ်တလင်းဆေးရုံသစ် ဆောက်လုပ်မည့်နေရာ မြေဖို့ခြင်းနှင့် ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းသို့ ရောက်ရှိရာ ရက်ကန်းသင်တန်း သင်ကြားနေမှုအား ကြည့်ရှုခဲ့ပြီး ရက်တို၊ ရက်ရှည် သင်တန်းအမျိုးအစားအလိုက် အများပြည်သူ လာရောက်သင်ကြားနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး သင်ကြားရေး ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေကျပ် (၅) သိန်းအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)

 

mdn