ပဲခူး နိုဝင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ (၂၃)ရက် နံနက်(၉)နာရီက အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးတိုင်း ဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းသင်တန်းကျောင်း၌ ဖွင့်လှစ်သည့် ကောင်းမွန်သော ရေနေ သတ္တဝါ မွေးမြူရေးအသိပညာပေး(GAqP) သင်တန်း(၇/၂၀၂၁)ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ကောင်းမွန်သောရေနေသတ္တဝါ မွေးမြူရေးအသိပညာပေး(GAqP) သင်တန်းအား နိုဝင်ဘာလ(၂၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ ဘေးဥပဒ်ကင်းစင်သည့် ရေထွက်ပစ္စည်းများဖြစ် အောင် မွေးမြူထုတ်လုပ်သည့် နည်းလမ်းများ၊ နည်းပညာများကို သင်ကြားပေးမည်ဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းသင်တန်းသား/သူ(၁၉)ဦး၊ လုပ်ငန်းရှင်(၉)ဦး၊ စုစုပေါင်းသင်တန်း သား/သူ (၂၈)ဦးတက်ရောက်ကြကြောင်း သတင်းရရှိသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ကျောက်တွင်းကုန်းလမ်းဆုံအနီး ရှေးဟောင်းကျောက်ရေတွင်း ပြန်လည်ဖော်ထုတ်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဘေးဝဲယာ လူသွားလမ်း ပလက်ဖောင်းများ ပြန်လည်အဆင့်မြှင့်တင်ရန်၊ ရေစီးရေလာကောင်းမွန် စေရေး ရေနုတ်မြောင်းများ ပြန်လည်အဆင့်မြှင့်တင်ရန်နှင့် Road Sign များ စနစ်တကျ တပ်ဆင်ပေး သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
တင်စိုး(ပဲခူး)


