သာယာဝတီ ဩဂုတ် ၁၄
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ်၊ မင်းလမ်းကျေးရွာ၊ တစ်ကွင်းတစ်ဆက်တည်း တောင်သူ (၁၅) ဦးပိုင် အဆင့်မြင့် စက်မှုလယ်ယာမြေ (၁၀၀) ဧကတွင် တစ်ဧကတင်း (၁၀၀) ထွက်ရှိရေး ဒေသခံ တောင်သူလယ်သမားများနှင့် တွေ့ဆုံ၍ ဓါတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးပြီး ကောက်စိုက်စက်ဖြင့် ကောက်စိုက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ကျေးလက်လမ်း ဦးစီးဌာနမှ တိုင်းဒေသကြီးဘတ်ဂျက် ငွေကျပ် (၆၃၁ ဒသမ ၂) သန်းဖြင့် ဆောင်ရွက်နေသည့် လက်ပံတန်းမြို့နယ်နှင့် မင်းလှမြို့နယ် ချိတ်ဆက်ထားသည့် တောင်ကြို့ကုန်းလမ်း ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းသည် မိုးရေချိန်များသည့် ဒေသဖြစ်၍ ကွန်ကရစ်လမ်းသာ သင့်တော်မှုရှိပြီး လမ်းပုခုံးလည်း ထည့်သွင်းဆောင်ရွက်သွားရန်နှင့် ကျေးလက်နေ ပြည်သူလူထု၏ လူမှုစီးပွါးဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးသည် အဓိကဖြစ်သည့်အတွက် သတ်မှတ်စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ် သမန်းကုန်းကျေးရွာအုပ်စုရှိ ပြည်တော်ယာဉ်မျိုးစပါး (၁၀) ဧက စံပြစိုက်ခင်းနှင့် ကြိုပင်ကောက်မြို့နယ် အောင်ပင်သာကျေးရွာအုပ်စု မှော်ဘီ (၃) မျိုးစေ့ထုတ်စိုက်ခင်း ဧက (၃၀) အား ကွင်းဆင်းကြည့်ရှုခဲ့ပြီး အခြားဆီထွက်သီးနှံများလည်း တိုးချဲ့စိုက်ပျိုးရန် လမ်းညွှန်မှာကြားခဲ့ကာ ဒေသခံတောင်သူများအတွက် ဓါတ်မြေဩဇာ (၃၀) အိတ်အား ထောက်ပံ့ပေးအပ်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း မျိုးစေ့ထုတ် စိုက်ခင်း ဧက(၁၀၀၀၀) ကျော် စိုက်ပျိုးထားရှိပြီး အခြား ပြည်နယ်/ တိုင်းဒေသကြီးများသို့လည်း မျိုးကောင်းမျိုးသန့် စပါးမျိုးစေ့များ ဖြန့်ဖြူးပေးလျက်ရှိကာ တိုင်းဒေသကြီးအတွင်း စပါးမျိုးကွဲ (၉)မျိုး စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တိုင်းဒေသကြီး ဘတ်ဂျက် ငွေကျပ် (၄၃၃) သန်းဖြင့် ဇီးကုန်း - ကံညီကို - သာပေါင်း - လယ်တွင်းလမ်း ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျန်ရှိသည့် လမ်းပိုင်းအား ကွန်ကရစ်လမ်းအဖြစ် ထပ်မံအဆင့်မြှင့်တင်နိုင်ရေး ကျပ်သိန်း(၁၂၀)အား ဖြည့်ဆည်းပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုတ်ဖိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ ဇီးကုန်းမြို့နယ်၊ နတ်တလင်းမြို့နယ်များရှိ ပြည်သူ့ဆေးရုံးကြီးများရှိ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များနှင့် သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ၊ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့် အသင့်သောက် မြန်မာ့ရိုးရာ လက်ဖက်ရည်ထုပ်များ ပေးအပ်ခဲ့ပြီး ဆေးရုံများ၌ အောက်စီဂျင်ပိုက်လိုင်း တပ်ဆင်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။ ယင်းနောက် မြို့နယ်အလိုက် Oxygen Plant တပ်ဆင်မည့် မြေနေရာများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝင်/ထွက် လမ်း၊ လျှပ်စစ်မီးရရှိရေးနှင့် အဆောက်အဦ လိုအပ်ချက်များအား စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


