သာယာဝတီ ဒီဇင်ဘာ ၃၀
ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော ကရင်သက္ကရာဇ်(၂၇၆၄)ခုနှစ် ပြာသိုလဆန်း (၁)ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သာယာဝတီမြို့၊ မိဘဘိုးဘွားများအောက်မေ့ဖွယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး စောလင်းအောင်နှင့် ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ယနေ့သည် ကရင်တိုင်းရင်းသားလူမျိုးများ၏ (၂၇၆၄)ခုနှစ် ကရင်နှစ်သစ်ကူးနေ့ထူးနေ့မြတ်ဖြစ်ပြီး နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကို ကောင်းခြင်းမင်္ဂလာများနှင့် ကြိုဆိုသည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ (၁၉၃၈)ခုနှစ်မှ စတင်၍ နှစ်စဉ် ပြာသိုလဆန်း (၁)ရက်နေ့ကို ကရင်နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ကာ နိုင်ငံတော်ရုံးပိတ်ရက်အဖြစ် တရားဝင်ကျင်းပပြုလုပ် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်းမှာ ကရင်တိုင်းရင်းသားများ အပါအဝင် တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်ကြပြီး တိုင်းရင်းသား လူမျိုးများအားလုံး၏ ဓလေ့ထုံးတမ်းများ တူညီမှုများမရှိသော်လည်း မိသားစုစိတ်ဓာတ်ဖြင့် အတူတကွ ချစ်ကြည်ရင်းနှီးစွာ နေထိုင်လျက်ရှိကြောင်း၊ ကရင်တိုင်ရင်းသား ညီအစ်ကိုမောင်နှမများအားလုံး အနေဖြင့် မိမိတို့ရဲ့ စာပေ၊ ဘာသာစကား၊ ရိုးရာဓလေ့ထုံးတမ်း၊ ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ပြီး အခြားသော တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့်အတူ မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ကရင်တိုင်းရင်းသား စာပေသင်ဆရာမက ကရင်နှစ်သစ်ကူးပွဲတော် ဖြစ်ပေါ်လာပုံနှင့် ကရင်အမျိုးသားအလံ၊ ဖားစည်၊ ကျွဲချိုတို့၏ အဓိပ္ပါယ်များကို ရှင်းလင်းဖတ်ကြားခဲ့ကြသည်။ ယင်းနောက် ပဲခူးမြို့နယ်၊ သရက်ကုန်းကျေးရွာ ဒုံးယိမ်းအဖွဲ့က “မိုးသောက်ကြယ်” အမည်ဖြင့် အလုပ်သမား၊ လယ်သမားများ လုပ်ငန်းခွင်ဝင်ရန် နှိုးဆော်သည့် သီချင်းဖြင့်လည်းကောင်း၊ မင်းလှမြို့နယ် ဒုံးယိမ်းအဖွဲ့က “ထိန်းသိမ်းကာကွယ် အမျိုးသားရန်စွယ်” အမည်ဖြင့် အမျိုး၊ ဘာသာ၊ သာသနာများ မညိုးနွမ်း မပျောက်ပျက်စေရေး ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ရန် နှိုးဆော်သည့် သီချင်းဖြင့်လည်းကောင်း၊ မင်းလှမြို့နယ်၊ ဝါးမက်ကုန်းကျေးရွာ ဒုံးယိမ်းအဖွဲ့က “စည်လုံးခြင်းသည်အင်အား” အမည်ဖြင့် ရရှိပြီးသော လွတ်လပ်ရေးနှင့် တိုင်းရင်းသားချစ်ကြည်ရင်းနှီးမှုအား အတူတကွ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နေထိုင်သွားကြရန် နှိုးဆော်သည့် သီချင်းဖြင့်လည်းကောင်း၊ သာယာဝတီမြို့နယ် ဒုံးယိမ်းအဖွဲ့၊ အုတ်ဖိုမြို့နယ် ဒုံးယိမ်းအဖွဲ့များကလည်းကောင်း အသီးသီး ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ဒုံးယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ခဲ့ရာ သာယာဝတီခရိုင် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစောသိန်းဝေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကာ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ကရင်တိုင်းရင်းသားရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။
သန့်ဇော်(ခရိုင် ပြန်/ဆက်)


