ပဲခူး ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့နယ် ဘုရားကြီးမြို့ဈေးကြီး ပြန်လည် အဆင့်မြှင့်တင်နေမှုကို ကွင်းဆင်း ကြည့်ရှုပြီး ဈေးအတွင်း သန့်ရှင်း သပ်ရပ်မှုရှိစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆွေးနွေး မှာကြားသည်။
ထို့နောက် ကလိကျေးရွာအုပ်စု၌ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း ဆောင်ရွက်မည့်နေရာ ပဲခူးပြည်သူ့ဆေးရုံကြီး (ခုတင် ၅၀၀) ခြောက်ထပ် ဆေးကုသဆောင်သစ် ဆောက်လုပ်ပြီးစီးမှု၊ ပဲခူးမြို့ ကမ္ဘောဇသာဒီ နန်းတော်ရာအတွင်း မြေယာရှုခင်းပြုပြင်နေမှု၊ ဘုရင့်နောင်မင်းတရားကြီး စီးနင်းသည့် ပုံစံတူရထားတော်ကြီး အဆောင်နှင့် နန်းတော်ကျွန်တိုင် ဟောင်းများ ထိန်းသိမ်းထားရှိမှု၊ မဇင်းရပ်ကွက် (၄)လမ်း၌ လျှပ်စစ်မီးတိုင်များ တိုးချဲ့စိုက်ထူနေမှုနှင့် အိမ်တွင်း လျှပ်စစ်မီးသွယ်တန်း ပေးနေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပဲခူးမြစ်ကမ်းနား ဇိုင်းဂနိုင်း မြောက်ပိုင်းပန်းခြံ တည်ဆောက်ပြီးစီးမှုနှင့် ပန်းလှိုင် တာဘေး၌ အများပြည်သူ အပန်းဖြေရန်နေရာ ပြုလုပ်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


