ပဲခူး ဒီဇင်ဘာ ၁ ၂

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၄) ခရိုင်အသက် (၂၅) နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အားကစားခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ နှစ်ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပဲခူးခရိုင် (ခ) အသင်းနှင့် ပြည်ခရိုင် (ခ) အသင်း၊ သုံးယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပြည်ခရိုင် (ခ) အသင်းနှင့် တောင်ငူခရိုင် (က) အသင်းတို့ ယှဉ်ပြိုင်ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ၊ အခြေခံပညာ ကျောင်းသား/သူများ ကြည့်ရှုအား ပေးကြသည်။

 

ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနား ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းနှင့် ရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲအတွက် ထောက်ပံ့ ငွေကျပ်ခုနစ်သိန်းကို တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးထံသို့ လည်းကောင်း၊ ဒိုင်အဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ခုနစ်သိန်းအား အစိုးရအဖွဲ့ တိုင်းဒေသကြီး အတွင်း‌ရေးမှူးကလည်းကောင်း၊ အမျိုးသား နှစ်ယောက်တွဲ ပိုက်‌ကျော်ခြင်းပြိုင်ပွဲတွင် ဒုတိယဆု ရရှိသော ပဲခူးခရိုင် (ခ) အသင်းကို တိုင်းဒေသကြီး ဥပဒေချုပ်ကလည်းကောင်း၊ ပထမဆုရရှိသော ပြည်ခရိုင် (ခ) အသင်းကို တိုင်းရင်းသားရေးရာ ဝန်ကြီးကလည်းကောင်း၊ အမျိုးသား သုံးယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် တောင်ငူခရိုင် (က) အသင်းကို လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးကလည်းကောင်း၊ အမျိုးသား သုံးယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ပြည်ခရိုင် (ခ) အသင်းကို လူမှုရေးရာဝန်ကြီးကလည်းကောင်း  ရိုက်ခုတ်၊ ပင့်ထောင်၊ နောက်ထိန်း၊ နှစ်ယောက်တွဲ အကောင်းဆုံး အားကစားသမားဆု ရရှိသူများကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများ အပ်ချီးမြှင့်ကြသည်။

     

ယင်းနောက် အမျိုးသားနှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမဆုရရှိသော ပြည်ခရိုင် (ခ) အသင်းကို စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသား သုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ပြည်ခရိုင် (ခ) အသင်းကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လည်းကောင်း ငွေသားဆုများနှင့် ဆုဖလားများ  ပေးအပ်ချီးမြှင့်ကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ပဲခူးခရိုင် အားကစားကွင်း တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပွဲကြည့်စင် ဆောက်လုပ်နေခြင်းနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်