ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆေးရုံများနှင့် ပြည်သူများအတွက် အောက်ဆီဂျင် လိုအပ်ချက် အချိန်မီဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

ပဲခူး ဩဂုတ် ၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ် ၁ ရက် မွန်းလွဲ(၂)နာရီက ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီး ဝန်းအတွင်း၌ တည်ဆောက်ထားသည့် Liquid Oxygen Tank Station သို့ Liquid Oxygen (၂၀)တန် ထည့်သွင်းနေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး လုံခြုံရေး၊ မီးဘေးအန္တရာယ်နှင့် ခြံစည်းရိုးကာရံနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံတွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်သော Liquid Oxygen Tank Station သည် ဇူလိုင် ၂၈ ရက်တွင် တပ်ဆင်ပြီးစီးခဲ့ပြီး အောက်ဆီဂျင်ထုတ်လုပ်ရန် လိုအပ်သော Liquid Oxygen (၂၀)တန်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီစဉ်ဖြင့် ထိုင်းနိုင်ငံမှ မှာယူတင်သွင်းခဲ့ခြင်း ဖြစ်သည်။

၎င်း Oxygen Tank Station မှ ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးအတွင်းရှိ လူနာများအတွက် Central Pipe Line ဖြင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်ထားပြီးဖြစ်ကာ ထပ်မံ၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် အခြားမြို့နယ်များနှင့် ပြည်သူလူထုအတွက် အောက်ဆီဂျင်များ ဖြည့်သွင်းပေးနိုင်ရေး Oxygen Filling System အတွက် ဆက်စပ်ပစ္စည်းများလည်း မှာယူထားကြောင်း သိရှိရသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ကလိဆေးရုံဝန်းအတွင်း၌ တစ်ရက်လျှင် အောက်ဆီဂျင် (၄၀)လီတာအိုး (၁၅၀)ခန့် ထွက်ရှိသည့် Oxygen Plant တည်ဆောက်တပ်ဆင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဝင်လမ်း အဆင့်မြှင့်တင်နိုင်ရေး၊ လျှပ်စစ်မီးသွယ်တန်းရေး၊ အရန်မီးစက်ထားရှိရန်နှင့် အောက်ဆီဂျင်အား တစ်ပတ်အတွင်း ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

တင်စိုး(ပဲခူး)

 

5456jh