တောင်ငူ စက်တင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ အမှတ် ၂၀ ရပ်ကွက် မိုင်ဒါကွင်းအတွင်း တည်ဆောက်ထားရှိသည့် အောက်ဆီဂျင်ထုတ်စက်ရုံ အဆောက်အဦသို့ ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ဝယ်ယူထားရှိသည့် (50 -NN) အမျိုးအစား အောက်ဆီဂျင်ထုတ်စက်နှင့် ဆက်စပ်ပစ္စည်းများ တောင်ငူမြို့သို့ရောက်ရှိကာ တပ်ဆင်ထားရှိမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်ထုတ်စက်ပစ္စည်းများ ထားရှိတပ်ဆင်နေမှုများအား တောင်ငူခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထက် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးနှင့်အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်သည်။
တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဝေဒနာရှင်များနှင့် အောက်ဆီဂျင်လိုအပ်သည့် လူနာများအတွက် အောက်ဆီဂျင် ထုတ်စက်ရုံအဆောက်အဦ တည်ဆောက်ပြီးစီပြီးဖြစ်၍ အောက်ဆီဂျင်ထုတ်စက်နှင့် ဆက်စပ်ပစ္စည်းများ အားလုံး တပ်ဆင်ပြီးပါက တစ်နေ့လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးအလုံး ၂၅၀ ဖြည့်တင်းထုတ်လုပ်ကာ နေ့စဉ် အောက်ဆီဂျင်လိုအပ်သည့် ဝေဒနာရှင်လူနာများအတွက် အချိန်တိုအတွင်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။
တောင်ငူမြို့နယ်၌ ရက်သတ္တပတ်အတွင်း အောက်ဆီဂျင်ထုတ်စက်ရုံကို ဖွင့်လှစ်သွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ တောင်ငူမြို့နယ်အတွင်းသာမက နီးစပ်ရာမြို့နယ်များမှ အောက်ဆီဂျင်အလုံအလောက် ရရှိနိုင်ရေးအတွက် အခမဲ့ လာရောက်ဖြည့်တင်းနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ထံမှ သိရသည်။
ခရိုင် (ပြန်/ဆက်)


