ပဲခူး နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၄)ကြိမ်မြောက် လစဉ် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားကာ လစဉ် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လစဉ် အငြိမ်းစား နိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဝါးတစ်လစာ အခမဲ့ထောက်ပံ့ပေးခြင်း (၂)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအတွက် တစ်ဦးလျှင် စားအုန်းဆီ(၅၀)ကျပ်သား ထောက်ပံ့ပေးအပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အငြိမ်းစားယူပြီနောက် ကျန်းမာရေးနှင့်ပတ်သက်၍ အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူခြင်းဖြင့် ကျန်းမာပျော်ရွှင် အသက်ရှည်စွာ နေထိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်မှု လစဉ် တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးများ၌ ကျန်းမာရေးစောင့်ရှောက်မှု စစ်ဆေးပေးခြင်း၊ လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါး (၁)လစာ လစဉ်ထောက်ပံ့ပေးခြင်း၊ အခြေခံစားသုံးကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း၌ စုစုပေါင်းအငြိမ်းစား နိုင်ငံဝန်ထမ်း (၉၃၀၀၀)ဦးကျော်ရှိပြီး ပဲခူးမြို့နယ်အတွင်း၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်း (၁၂၀၀၀)ဦးကျော် နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)