နေပြည်တော် နိုဝင်ဘာ ၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ပေးခဲ့သည့် Oxygen Plant များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကိုဗစ်-၁၉ တတိယလှိုင်း၏ အခက်ခဲဆုံး ကာလများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်လမ်းညွှန်မှု၊ မိမိတို့ ကျန်းမာရေး ဝန်ထမ်းများနှင့် နှီးနွယ်ဝန်ကြီးဌာနများ ပူးပေါင်းကြိုးစား ဆောင်ရွက်မှု၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များ၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှု၊ စေတနာရှင် လုပ်သားပြည်သူများ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် လျင်မြန်စွာ ကျော်ဖြတ်နိုင်ခဲ့ပါကြောင်း၊ အဘက်ဘက်မှ ဝိုင်းဝန်းကူညီသူများအားလုံးကို အထူးကျေးဇူး တင်ပါကြောင်း ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ထောက်ပံ့ဆောင်ရွက်ပေးခဲ့မှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ထောက်ပံ့ပေးခဲ့သည့် Oxygen Plant များနှင့် ကျန်းမာရေးသုံး အထောက်အကူပြု ပစ္စည်းများ၏ စာရင်းဇယားများအား ပြည်ထောင်စုဝန်ကြီးထံသို့လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက Oxygen Plant များနှင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများ၏ မှတ်တမ်းဓာတ်ပုံများကို ဆေးရုံအုပ်ကြီးများနှင့် မြို့နယ်ကုသရေး ဦးစီးဌာနမှူးများအား လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့ပြင် တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့သည့် ကျန်းမာရေး ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ တစ်မြို့နယ်လျှင် ကျပ် (၅) သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟက ကျေးဇူးတင်စကား ပြောကြားသည်။
ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ လူနာများ ကုသရာတွင် အထောက်အကူဖြစ်စေရန်အတွက် ငွေကျပ် (၂၄၈၀ ဒသမ ၇၅) သန်း တန်ဖိုးရှိ အောက်ဆီဂျင် ထုတ်လုပ်နိုင်သည့် Oxygen plant (၁၇) ခု အပြင် Liquid Oxygen Tank ၊ Liquid Oxygen တန်(၃၀) သယ်ဆောင်နိုင်မည့် နောက်တွဲယာဉ် (၁) စီး၊ သီးခြားထောက်ပံ့ငွေများနှင့် ဆေးရုံသုံး အထောက်အကူပြု ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယင်းနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ ရွှေဝါထွန်း ဟိုတယ်၌ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ ကုသရေး ဦးစီးဌာနမှူး၊ ခရိုင်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ မြို့နယ်ကုသရေး ဦးစီးဌာနမှူးများနှင့် တွေ့ဆုံကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ကျေးလက်ကျန်းမာရေးဌာနအဆင့်အထိ တိုးချဲ့ကာ ကျေးလက်နေပြည်သူများ ထိုးနှံပေးရေး လုပ်ငန်းလိုအပ်ချက်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများ အရှိန်အဟုန်မပြတ် ဆောင်ရွက်သွားရန်၊ နောက်ထပ် ကိုဗစ်လှိုင်းတစ်ခု မဖြစ်ပေါ်လာအောင် ကြိုတင်ပြင်ဆောင်ရွက်ရန် လိုအပ်မှုများ၊ ဆေးရုံအဆင့်အလိုက် အထူးကြပ်မတ် ကုသဌာန (ICU) များ ပြင်ဆင်ထားရှိရန်၊ မိမိတို့ကျန်းမာရေးအဆောက်အဦများ ဥပဓိရုပ်ကောင်းအောင် ဆောင်ရွက်ရန်နှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်သူ့ဆေးရုံကြီး၊ ပဲခူးမြို့သို့ သွားရောက်၍ တည်ဆောက်ဆဲ အောင်သုခ လေးထပ်တိုးချဲ့ဆောင်ကို လှည့်လည်ကြည့်ရှုပြီး ပြည်သူ့ဆေးရုံကြီး၊ ပဲခူးမြို့ အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီးနှင့် အထူးကု ဆရာဝန်ကြီးများ၊ သူနာပြုများနှင့် တွေ့ဆုံကာ အားပေးစကား ပြောကြားသည်။ ထိုသို့တွေ့ဆုံရာတွင် ဆေးကုသမှု လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး၊ လိုအပ်သော ဆေးဝါးပစ္စည်းကိရိယာများ ထောက်ပံ့နိုင်ရေး၊ မိမိတို့ Professionalism နှင့် Ethics ကို လိုက်နာဆောင်ရွက်ရေးနှင့် နိုင်ငံတော်မှ ကျန်းမာရေး ဝန်ထမ်းများကို ချီးမြှင့်ငွေများ ထောက်ပံ့ပေးနေသော အခြေအနေများကို ပြောကြားခဲ့ပြီး တက်ရောက်လာသော အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမကြီးများက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သားဖွားသင်တန်းကျောင်းသို့ သွားရောက်ကာ သင်တန်းသူများကို တွေ့ဆုံသည်။ အဆိုပါ ပဲခူးသားဖွားသင်တန်းကျောင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်မှ သင်တန်းသူများ တက်ရောက်လျက်ရှိကြောင်း သိရသည်။ ယင်းနောက် ပဲခူး (ကလိ) ရှိ တည်ဆောက်ဆဲ ဆေးရုံကြီး မြေနေရာတွင် တိုင်းဒေသကြီးအစိုးရက လှူဒါန်းတပ်ဆင်ထားရှိသည့် Liquid Oxygen Tank ၊ Liquid Oxygen တန် (၃၀) သယ်ဆောင်နိုင်မည့် နောက်တွဲယာဉ်၊ Oxygen Plant တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


