အုတ်တွင်း မေ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာနေ တောင်သူ ဦးသန်းနိုင်၏ လယ်မြေ၌နွေစပါးစံကွက်ရိတ်သိမ်းခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေး ရွာတွင် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ နွေစပါးဆင်းသုခ စိုက်ဧက(၃၀)ဧကရှိပြီး တစ်ဧကလျှင် အထွက်တိုး (၁၀၈)တင်းထွက်ရှိရာ ပဲခူး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဦးလှမျိုးရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အခမ်းအနားတွင် မိုးနေကြာစိုက်ပျိုးမည့် တောင်သူ(၅)ဦးအတွက် ဆင်းရွှေကြာ-၂ နေကြာမျိုး စေ့ကို တစ်ဦးလျှင် လေးပြည်နှုန်းဖြင့် တာဝန်ရှိသူ အသီးသီး က ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် အုတ်တွင်းမြို့နယ်တွင်မိုးနေကြာစိုက်ပျိုးမည့်ဧက(၂၅)ဧကရှိကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ဦးစီးမှူးဦးအောင်ဆန်းဦးထံမှသိရသည်။
ခင်ခင်မာ(ပြန်/ဆက်)