ပဲခူးတိုင်းဒေသကြီးအတွက် လိုအပ်သော Surgical Gown ဝတ်စုံများ KM Healthcare Myanmar Co., Ltd မှ လာရောက်ထောက်ပံ့လှူဒါန်း

ပဲခူး ၈ မေ

 

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မေ ၈ ရက် မွန်းလွဲ ၂ နာရီက ပဲခူးမြို့၊ ပြည်ပစက်မှုနယ်မြေရှိ KM Healthcare Myanmar Co., Ltd မှ Surgical Gown ဝတ်စုံ ၂၀၀၀ အား လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ KM Healthcare Myanmar Co., Ltd, MD. Mr. Lee Dea Chun က ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် Surgical Gown ဝတ်စုံများအား မိမိတို့ကုမ္ပဏီအနေဖြင့် လာရောက်ထောက်ပံ့ လှူဒါန်းရခြင်းဖြစ်ပါကြောင်း၊ တစ်ဘက်မှာလည်း နိုင်ငံတော်အတွက် လိုအပ်သော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ ထပ်မံ၍လည်း လိုအပ်လာပါက ပဲခူးတိုင်းဒေသကြီးအတွက် ကျန်းမာရေးသုံးပစ္စည်းများ ဆက်လက်ထောက်ပံ့ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီးနောက်  KM Healthcare Myanmar Co., Ltd , MD. Mr. Lee Dea Chun နှင့် တာဝန်ရှိသူများက Surgical Gown ဝတ်စုံ ၂၀၀၀ အား ပေးအပ်ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက COVID-19 ရောဂါသည် ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်ပြီး အစိုးရ၊ ဌာနဆိုင်ရာ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်မှသာ မကြာမီ ကင်းစင်သွားမည်ဖြစ်ကြောင်း၊ ယခုအချိန်အထိ ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါပိုးကင်းစင်လျက်ရှိပြီး ဒီလိုဖြစ်ရသည်မှာလည်း ပြည်သူအားလုံး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စည်းကမ်းလိုက်နာစွာ နေထိုင်ကြခြင်းကြောင့်ဖြစ်ကြောင်း၊ စက်ရုံအလုပ်ရုံများကိုလည်း ကျန်းမာရေးဆိုင်ရာ စိစစ်ချက်ညီညွတ်သော စက်ရုံများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သော်လည်း စက်ရုံများအနေဖြင့် ကျန်းမာရေးဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အထူးလိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် KM Healthcare Myanmar Co., Ltd မှ Surgical Gown ဝတ်စုံများ ထောက်ပံ့လှူဒါန်းပေးခြင်းအပေါ် အထူးကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

 

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးအတွက် လိုအပ်သော PPE ဝတ်စုံ ၁၀၀ အား ဦးအောင်ဇော်မိုးနှင့် ဒေါက်တာနီနီကျော် မိသားစုတို့မှလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

ဟိန်းထက်(ပဲခူး)