ကြို့ပင်ကောက် မတ် ၃
         
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်  တိုင်းဒေသကြီးဝန်ကြီးများ၊ နှင့်အတူ မတ် ၂ ရက် မွန်းလွဲပိုင်းက သာယာဝတီမြို့နယ်၊ စစ်ကုန်း (၂) ကျေးရွာရှိ တောင်သူဦးမြင့်စိုး၏ ဆင်းရွှေကြာမျိုး နေကြာသီးညှပ်စိုက်ခင်း (၃၀၇) ဧက အောင်မြင် ဖြစ်ထွန်းနေမှုနှင့် သာယာကုန်းကျေးရွာရှိ တောင်သူဦးသိန်းထွန်း၏ နေကြာသီးသန့် စိုက်ခင်း (၁၀) ဧကကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း စားသုံးဆီ ပိုမိုဖူလုံစွာ ထုတ်လုပ်နိုင်ရေးအတွက်  တိုင်းဒေသကြီးဝန်ကြီးချုပ်၏ အစီအစဉ်ဖြင့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလမှစ၍  ပဲစိုက်တောင်သူများထံ နေကြာသီးညှပ်စိုက်ပျိုးနိုင်ရေး နေကြာမျိုး (၂၂၂၅) တင်း ကြိုတင်အခမဲ့ဖြန့်ဝေ‌ပေးခဲ့ရာ ယခု ဆီထွက်နေကြာ ဧက (၅၈၃၀) တိုးချဲ့ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ မြို့မိ/မြို့ဖများနှင့်တွေ့ဆုံ၍ မြို့ရေပေးဝေရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်မီးလင်းရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကြို့ပင်ကောက်မြို့နယ်၊ ကြို့ပင်ဝိုင်း ကျေးရွာရှိ မြေသား(၀/၆ ဒသမ ၈၄) ဖာလုံနှင့် ဂဝံလမ်း (၀/၆ဒသမ၈၄) ဖာလုံ လမ်းခင်းနေမှုကိုလည်းကောင်း၊ မင်းလှမြို့နယ်၊ ညောင်နီကုန်းကျေးရွာ၊ တောင်သူ ဦးမြင့်နိုင်၏ ဟင်းသီးဟင်းရွက် (GAP) စနစ်ဖြင့် ခရမ်းချဉ် (၈) ဧက စိုက်ပျိုးအောင်မြင်နေမှုကိုလည်းကောင်း သာယာဝတီ ဘူတာသို့လည်းကောင်း သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။  

သတင်းစဉ်