ပဲခူး ၈ နိုဝင်ဘာ
ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဦးစီးဌာနမှ စီမံကိန်းညွှန်ကြားရေးမှူး ဦးမင်းနိုင် ဦးဆောင်သော တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမတွင် ပဲခူးတိုင်းဒေသကြီး အတွင်း (၅၀ဝ)ကေဗွီအေ မဟာဓာတ်အားလိုင်းသစ်ဆွဲခြင်းနှင့် ဓာတ်အားခွဲရုံအသစ် ဆောက်လုပ်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ယနေ့မွန်းလွဲပိုင်းက လာရောက်ရှင်းလင်း တင်ပြခဲ့သည်။
ရှေးဦးစွာ စီမံကိန်းညွှန်ကြားရေးမှူး ဦးမင်းနိုင်က တောင်ငူမြို့နယ်၊ စပါးကြွယ်ကျေးရွာအနီး (၅၀ဝ)ကေဗွီအေ ဓာတ်အားခွဲရုံတည်ဆောက်ခြင်းနှင့် တောင်ငူမြို့နယ်၊ စပါးကြွယ်ကျေးရွာမှ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဘောနတ်ကြီးလမ်းဆုံအထိ (၅၀ဝ)ကေဗွီအေ ဓာတ်အားလိုင်းဆွဲခြင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်းစဉ်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက မဟာဓာတ်အားလိုင်း (၅၀ဝ)ကေဗွီအေလိုင်းဆွဲခြင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယဉ်ကျေးမှုအမွေအနှစ်များ၊ ဘာသာရေး အဆောက်အဦများကို အထူးဂရုပြုရှောင်ရှားရန်၊ ဓာတ်အားတိုင်များ တည်ဆောက်ရာတွင် ပါဝင်သွားမည့် လယ်ယာမြေများတွင် စိုက်ပျိုးထားသည့် သီးနှံများအတွက် စနစ်တကျအဖွဲ့ဖြင့် ကွင်းဆင်းစိစစ် လျော်ကြေးပေးရန်၊ အန္တရာယ်သတိပေးဆိုင်ဘုတ်များ စိုက်ထူသွားရန်နှင့် ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ မဟာဓာတ်အားလိုင်းသည် တောင်ငူ(စပါးကြွယ်)မှ ပဲခူး(ဘောနတ်ကြီး)ထိ ဓာတ်အားလိုင်းအရှည် (၁၀၈.၃၄)မိုင်ရှိပြီး တောင်ငူ၊ အုတ်တွင်း၊ ဖြူး၊ ကျောက်တံခါး၊ ဒိုက်ဦး၊ ပဲခူးမြို့နယ်တို့ရှိ ကျေးရွာ (၃၇)ရွာ အနီးမှ ဖြတ်သန်းကာ လျှပ်စစ်တာဝါတိုင်ပေါင်း(၃၆၉)တိုင်ဖြင့်တည်ဆောက်သွားမည်ဖြစ်သည်။ ၎င်းစီမံကိန်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ကာ Foundation လုပ်ငန်းများ စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ယင်းလုပ်ငန်းများအား ကိုရီးယားနိုင်ငံ Doosan Engineering Co., Ltd မှ Turnkey ဖြင့် တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါရှင်းလင်းပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဌာန၊ စီမံကိန်းညွှန်ကြားရေးမှူးရုံး(တောင်ပိုင်း) ညွှန်ကြားရေးမှူး ဦးမင်းနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


