နေပြည်တော်  ဧပြီ    ၂၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူ များနှင့် ယမန်နေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ၌တွေ့ဆုံ၍ ပဲခူးတိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းများနှင့်ပတ်သက်၍ အရှိန်အဟုန်မပြတ် ထိရောက်မြန်ဆန်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရမည့် အချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
    
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော တာဝန်ရှိသူများက ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၃၀,၃၅၀)အတွက် တစ်ဦးလျှင် နိုင်ငံ တော်မှ လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ်(၃၀,၀၀၀/-)နှုန်းဖြင့် ငွေကျပ် (၉၁၀,၅၀၀,၀၀၀)၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများမှ တည်ထောင်ထားရှိသော ပရဟိတဂေဟာ/ရိပ်သာများအတွက် ထောက်ပံ့ငွေကျပ် (၈၆,၀၇၉,၀၀၀)၊ စုစုပေါင်းထောက်ပံ့ ငွေကျပ် (၉၉၆,၅၇၉,၀၀၀)ကို ထောက်ပံ့ပေးအပ်ရာ အကျိုးခံစားခွင့်ရှိသူများကိုယ်စား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်သော တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြားကြသည်။
    
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(သိုလှောင်ရုံ) သို့ ရောက်ရှိကြပြီး ကယ်ဆယ်ရေးပစ္စည်းများ အိမ်ထောင်စု(၁၀၀၀)စာ သိုလှောင်ထားရှိမှု၊ အလှူ ပစ္စည်းများနှင့် ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်းများဖြစ်သည့် မိုးကာစ၊ သွပ်၊ မိုးကာတဲ၊ တာပေါ်လင်၊ ရေစည်စသည့် ပစ္စည်းများသိုလှောင်ထားရှိမှုနှင့် ဖြန့်ခွဲထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး သိုလှောင်ရုံ ကြံ့ခိုင်ကောင်းမွန်ရေး၊ ပစ္စည်းများ လေလွင့်မှုမရှိစေရေး၊ သိုလှောင်ရုံလက်စွဲ အတိုင်း စနစ်တကျထိန်းသိမ်းထားရှိရေးနှင့် အသင့်ဖြန့်ခွဲထောက်ပံ့နိုင်ရေးတို့အတွက် ဆောင်ရွက်ရမည့် အချက်များကို မှာကြားသည်။
    
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပဲခူး တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၌ ကျင်းပသော ပဲခူးခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အမှာစကားများ ပြောကြားခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)