ပဲခူး နိုဝင်ဘာ ၆

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ကျင်းပပေးသည့် MSMEs ဒေသထုတ် ကုန်စည်ပြပွဲ၊ ဈေးရောင်းပွဲနှင့် Talk Show စကားဝိုင်းများ ကျင်းပပေးခြင်းဖြင့်MSMEs စီးပွားရေး လုပ်ငန်းရှင်များ၏ အားသာချက်၊ အားနည်းချက်၊ အခက်အခဲများကို သိရှိပြီး လိုအပ်သည့်ပံ့ပိုးမှုများ ကူညီဆောင်ရွက်ပေးနိုင်ရန် ဖြစ်ကြောင်း၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက ပြည်သူများ၏ အလုပ်အကိုင်၊ အခွင့်အလမ်း၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြားသည်။

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ MSMEAgency  က ဦးဆောင်၍ ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့တော်ခန်းမ၌ ကျင်းပသည့် ပဲခူးတိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး TalkShow စကားဝိုင်း ဆွေးနွေးပွဲ၊ ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်များ ကျင်းပခြင်း အခမ်းအနားတွင်ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် က MSMEs ပြပွဲများနှင့် Talk Show စကားဝိုင်း ဆွေးနွေးပွဲများမှတစ်ဆင့် မိမိတို့ဒေသ၏ သဘာဝအရင်းအမြစ် ပေါကြွယ်ဝမှု၊ ယဉ်ကျေးမှု ဓေလ့ထုံးစံများကို ပြသနိုင်မယ်ဖြစ်ကြောင်း၊  ပဲခူးတိုင်းဒေသကြီး၏ ကောင်းမွန်သော  ရေမြေသဘာဝကို အသုံးချ၍ ဒေသတွင်း လုပ်ငန်းများအချင်းချင်း ချိတ်ဆက်ခြင်း၊ တီထွင်ဆန်းသစ်ခြင်း၊ အရည်အသွေးကောင်းမွန်သော အရသာနှင့် ခေတ်မီသောထုတ်ပိုးမှုစနစ်များဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လုပ်ငန်းများဖြစ်လာစေရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက တိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး TalkShow စကားဝိုင်းဆွေးနွေးပွဲ၊ ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်များ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။  

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရား သူကြီးချုပ်နှင့် တာဝန်ရှိသူများသည်   ခင်းကျင်းပြသထားသည့် MSMEs ထုတ်ကုန်များ၊ ခေတ်မီထုတ်ပိုးမှုစက်များကို ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ ဦးဆောင်၍အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ SME ဌာနမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးဌာနမှူးနှင့် တာဝန်ရှိသူတို့က တိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး TalkShow စကားဝိုင်း ဆွေးနွေးကြရာ တိုင်းဒေသကြီးအတွင်းရှိ MSMEs စီးပွားရေး လုပ်ငန်းရှင်များ၏ သိရှိလိုသော မေးမြန်းချက်များကို  ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

 

မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပဲခူးမြို့၊ ရွှေမော်ဓောဘုရား၊ အနောက်ဘက်မုခ်၊ ယာဉ်ရပ်နားဝန်းအတွင်းကျင်းပသည့် MSMEs ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး  ပြပွဲအတွင်း ခင်းကျင်းပြသထားသည့် MSMEs ဒေသထွက်ကုန် အရောင်းပြခန်း (၁၅၂) ခန်းကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်