နေပြည်တော်၊ သြဂုတ် ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ဇူလိုင် ၁၉ ရက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်တောင်းမြစ် ရေကြီး ရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ဒိုက်ဦးညောင်ခါးရှည် ဗျူဟာလမ်း ဘေးဝဲယာနှင့် ကောလိယ-နဂါးပေါက် ဆက်သွယ်မြောင်း၊ ခမုံ မြစ်ကျိုးဖြတ်မြောင်း၊ ကျိုက်ထော်-ပလိုင်းဖြတ် မြောင်းတို့မှ ရေထုတ်နုတ်နိုင်မှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဝေါမြို့နယ် ပဲခူး-စစ်တောင်းတူးမြောင်းတွင် တည်ဆောက်ထားသော အကျယ် ပေ(၃၀) အမြင့်(၂၂)ပေ ရှိ မြစ်ကျိုးရေတံခါး ကြံခိုင်မှုကိုကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ပဲခူး-စစ်တောင်းတူးမြောင်းတာ ကျိူးပေါက်မှု မရှိစေရေးနှင့် ရေလွှမ်းရေမြုပ်မှုများ လျော့ကျသွားပါက သီးနှံများ အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေး ၊ အရံမျိုးစပါး စုဆောင်းထားရှိရေး ၊ ပျိုးထောင်စိုက်ပျိုးနိုင်ရေးနှင့် ပြန်လည်စိုက်ပျိုးရန် မြေနေရာများ ကြိုတင်တွက်ချက်ခြင်းကို ဒေသခံ တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ပဲခူး၊ သနပ်ပင်နှင့် ကဝမြို့နယ်များကို ပြွန်တန်ဆာ-ဒိုက်ဦးလွင်ပြင်မှ စီးဆင်းလာသည့်ချောင်းနှင့် ကွင်းရေများ၏ ရေဘေးအန္တရာယ် နှင့် စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကို ကာကွယ် ထားသည့် ပုကိုင်တာကို ကာကွယ်ထိန်းသိမ်းထားရှိမှု ရေကင်းများတာဝန်ချထားမှု၊ အရေးပေါ်ပစ္စည်းများ ကြိုတင်စုဆောင်းမှု၊ စက်ယန္တရားများ အလွယ်တကူ ရွေ့ပြောင်းနိုင်ရေးစီစဉ်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာတမံတောင့်တင်း ခိုင်မာရေး အတွက် ဆောင်ရွက်ရန် လိုအပ်မည့် လုပ်ငန်းများနှင့် မိုးရာသီကာလပြီးဆုံးပါက ပဲခူးရိုးမအရှေ့ဘက်ခြမ်းရှိ ဘိုင်းဒါးနှင့် ကောလိယတမံများမှ ပိုလျှံရေများကို ပုကိုင်တာ ရေသွင်းတံခါးမှ တစ်ဆင့် ပဲခူး-စစ်တောင်းတူးမြောင်းအတွင်းသို့ စိုက်ပျိုးရေပေးသွင်းရန် ကိစ္စရပ်များ၊ ပုကိုင်တာ ရေရှည်ကြံ့ခိုင်ရေးနှင့် တာတမံများ ကြံ့ခိုင်ရေးအတွက် လိုအပ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနများနှင့် ရပ်ကွက်ကျေးရွာများမှ အစုအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ပုကိုင်တာသည် အလျား ၁၇/၄ မိုင် ရှည်လျားပြီး တာထိပ်အမြင့် ပျမ်းမျှ (၁၂)ပေ နှင့် ထိပ်မျက်နှာပြင် အကျယ် ပျမ်းမျှ(၁၀)ပေ ရှိကာ စစ်တောင်းမြစ်ရေနှင့် ပြွန်တန်ဆာလွင်ပြင်မှ စီးဝင်မြင့်တက်လာသည့်ရေများကို ကာကွယ် ဧရိယာအတွင်း ဝင်ရောက်ခြင်းမရှိစေရန် ကာရံ တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


