မဒေါက် ၁၃ စက်တင်ဘာ
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများထံသို့ သွားရောက် အားပေးထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့၊ မဒေါက်တိုင်တရာဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ကျောင်းထိုင် ဘုန်းတော်ကြီးအား ဖူးမြော်ကြည်ညို၍ အလှူငွေဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသော ယာယီရေဘေးရှောင်စခန်းရှိ ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူ ၄၆၀၉ ဦးအတွက် ဆန်ရိက္ခာဘိုး ငွေကျပ် ၉,၆၇၈၉၀ဝ ၊ ညောင်လေးပင် မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုကော်မတီကို တာပေါ်လင် (၂၅) လိပ်၊ ရွှေကျင်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူ (၁၃၇၈)ဦးအတွက် ဆန်ရိက္ခာဖိုး ငွေကျပ် ၂၈၉၃၈၀ဝ နှင့် ရွှေကျင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီကို ကယ်ဆယ်ရေး ဖိုင်ဘာစက်လှေ(၁)စီးအတွက် ငွေကျပ်(၄၅)သိန်းနှင့် တာပေါ်လင်လိပ် (၂၅) လိပ် တို့ကို ထောက်ပံ့ရာ သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ရှိသူများက လက်ခံကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလေးငယ်များအား ကစားစရာနှင့် အာဟာရမုန့်များ ပေးဝေးခဲ့ကြပါသည်။
ဆက်လက်ပြီး ညောင်လေးပင်မြို့နယ်၊ ရေကျော်လေးကျေးရွာရှိ ကျေးရွာချင်းဆက် ဘိုင်းဒါးချောင်းကူးတံတားပေ(၄၀)ခန့် မျောပါသွားပြီးပျက်စီးလျက်ရှိရာ ပြုပြင် တည်ဆောက်ရန် ငွေကျပ်(၂၅)သိန်းကို ထောက်ပံ့ခဲ့ပါသည်။ အဆိုပါ ချောင်းကူးတံတားသည် ရေကျော်လေးကျေးရွာ တောင်ဘက်ကမ်းနှင့် မြောက်ဘက်ကမ်းကို ဆက်သွယ်ပေးထားရာ ကိုးထောင်ပေါက်ကျေးရွာနှင့် ဘိုင်းဒါးကျေးရွာများရှိ ပြည်သူများနေ့စဉ် ကူလူးသွားလာ လျက်ရှိကြပြီး ကျောင်းသား၊ ကျောင်းသူ (၂၀ဝ)ကျော် ဖြတ်သန်းသွားလာ အသုံးပြုနေရသော ကျေးရွာချင်းဆက် တံတားဖြစ်ပါသည်။
ထို့နောက် ပဲခူးမြို့နယ်၊ မြို့သစ်ရပ်ကွက်၊ ကြခတ်ဝိုင်းတောရ ဘုန်းကြီးကျောင်း၌ ဖွင့်လှစ်ထားသော ယာယီရေဘေးရှောင်စခန်းသို့ရောက်ရှိပြီး ပဲခူးမြို့၊ မြို့သစ်ရပ်ကွက်ရှိ ရေဘေးရှောင်ပြည်သူ (၁၀၁၆) ဦးအတွက် စားနပ်ရိက္ခာဘိုး ငွေကျပ် (၂၁၃၃၆၀ဝ) ကို ထောက်ပံ့ပြီး ကလေးငယ်များအား ကစားစရာများနှင့် အာဟာရမုန့်များ ပေးဝေခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရေဘေးကယ်ဆယ်ရေး ကွပ်ကဲရေးရုံးတည်ရှိရာ ဗုဒ္ဓအသံဓမ္မဗိမာန် သို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ကွပ်ကဲရေးရုံး၏ လုပ်ငန်းများသည် အရေးကြီးပါကြောင်း၊ ဘေးသင့်ရာ ဒေသရှိ ပြည်သူများ ထောက်ပံ့မှုများကို အပိုအလိုမရှိ ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရကြောင်း၊ အစိုးရဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်နေကြသည်ကို ယခုရုံးတွင် တွေ့ရှိရသည့်အတွက် ကျေးဇူးတင် ဝမ်းမြောက်ပါကြောင်း၊ ယမန်နှစ်အတွေ့အကြုံများပေါ် မူတည်၍ ဘေးသင့်ပြည်သူများအတွက် ပိုမို အကျိုးဖြစ်ထွန်းနိုင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း
ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက တိုင်းဒေသကြီးအတွင်း ရေဘေးရှောင်ပြည်သူများအတွက် ယာယီစခန်းများ ဖွင့်လှစ်ထားရှိမှုနှင့် ထောက်ပံ့ပေးနေမှုအခြေအနေများကို ဆွေးနွေး တင်ပြခဲ့ပါသည်။ ဆက်လက်၍ ရေဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားရှိမှုကို လိုက်လံကြည့်ရှုခဲ့ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓော စေတီရှိ၊ မွန်ဓမ္မာရုံ၌ ဖွင့်လှစ်ထားသော ယာယီရေဘေးရှောင်စခန်းသို့ရောက်ရှိပြီး ဘေးသင့် ပြည်သူများအား အားပေးစကာပြောကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ကလေးငယ်များ အား ကစားစရာနှင့် အာဟာရမုန့်များ ပေးဝေခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ယာယီရေဘေးရှောင်စခန်းများ၌ ပြောကြားရာတွင် ယခုအခါ တစ်ကမ္ဘာလုံး ရာသီဥတု အပြောင်းအလဲကိုခံစားနေရပြီး မြန်မာနိုင်ငံတွင်လည်း ခံစား နေရကြောင်း၊ မဒေါက်၊ ရွှေကျင်၊ ပဲခူးဒေသများတွင် ရေကြီးရေလျှံမှုသည် နှစ်စဉ်ဖြစ်ပွားလျက်ရှိပြီး တစ်နှစ်တည်းမှာပင် အကြိမ်ကြိမ် ရေကြီးရေလျှံမှုကို ခံစားနေ ရကြောင်း၊ ထိုကဲ့သို့ဖြစ်ပွားခြင်းသည် ရာသီဥတုဖောက်ပြန်ခြင်းနှင့် ဆိုရွားလာခြင်း ကြောင့်ဖြစ်ကြောင်း၊ ယခင်လို အခြေအနေမျိုး မဟုတ်တော့ဘဲ ပြောင်းလဲလာသည့် အခြေအနေများကို ပြည်သူများ သိရှိနားလည်ပြီး သတိရှိကြရန် လိုအပ်လာပြီဖြစ်ကြောင်း၊ ပြောင်းလဲဖြစ်ပေါ်လာနိုင်သည့် ဆိုးရွားမှုများတွင် ပြည်သူများဘေးဒဏ်ကို ခံစားရမှု လျော့နည်းရန်နှင့် အသက်နှင့် အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုလျော့နည်းရန် အစိုးရက ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများက အသိပညာပေးမှုများ၊ ဇာတ်တိုက်လေ့ကျင့်မှု များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လိုအပ်ချက်များကိုလည်း အသိပေးအကြောင်းကြားရန် လိုအပ်ပြီး မိမိတို့အနေဖြင့်လည်း အလျင်အမြန်တုံ့ပြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုလည်း ရေကြီးရေလျှံမှုကြောင့် ယာယီစခန်းများတွင် လာရောက်ခိုလှုံစဉ် ကူးဆက်ရောဂါများ မဖြစ်စေရန် ကျန်းမာရေးအသိရှိကြရန်လိုပါကြောင်း၊ ကလေးငယ်များအား ရေဘေးဖြစ်ပွားပြီး ဆောင်ရန်၊ ရှောင်ရန် လိုက်နာရန်များကို ပြောပြထားရန်လိုကြောင်း၊ စားသောက်ရိက္ခာများကို လိုအပ်သလို ဆက်လက်ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း၊ စိုးရိပ်သောက မဖြစ်ကြရန် အားပေးစကား ပြောကြားခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင်မြို့နယ်တို့တွင် ယနေ့စာရင်းအရ ကယ်ဆယ်ရေးစခန်း (၄၄)ခု ဖွင့်လှစ်ထားပြီး ၊ လူဦးရေ (၂၇၇၀၈)ဦးအတွက် ဆန်ရိက္ခာဘိုးငွေ စုစုပေါင်း ငွေကျပ် (၅၈၁၈၀၅၀ဝ)၊ တာပေါ်လင်လိပ် (၁၀ဝ) လိပ်၊ ကျောင်းဝတ်စုံ (၂၀ဝ၀) ကို ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်


