ပဲခူး ၂၄ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်း၌ စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ရေပေါ်ဆိုလာစနစ်၊ အသေးစား ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် UAC Co., Ltd မှ လာရောက်ရှင်းလင်းတင်ပြခဲ့သည်။
ရှေးဦးစွာ UAC Co., Ltd ဥက္ကဋ္ဌ ဦးအောင်ထွေးနှင့် အဖွဲ့ဝင် Dr. Usman Fayaz တို့က လူတွေ အသုံးမပြုသော သဘာဝရေပြင်၊ ဆည်/တမံများတွင် ရေပေါ်ဆိုလာစနစ်ဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်း၊ အသေးစားရေအားလျှပ်စစ် ဓါတ်အားထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းများကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက "စီမံကိန်းလုပ်ငန်းတိုင်းသည် ပြည်သူကို ဗဟိုပြုသည့် လုပ်ငန်းများဖြစ်၍ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဆိုလာစနစ်နှင့် အသေးစား ရေအားလျှပ်စစ် ထုတ်ယူခြင်းကို စစ်တောင်းမြစ်နှင့် နီးစပ်သည့်နေရာတို့တွင် ဆောင်ရွက်ပါက သင့်တော်မှုရှိပြီး ကျေးလက်ဒေသများအတွက်လည်း အလွန်အကျိုးရှိနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုး/မွေးမြူရေးနှင့် ပတ်သက်၍ သီးခြားနေရာတစ်ခုကို ရွေးချယ်ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထားရန် လိုအပ်မည်ဖြစ်ကြောင်း" ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ စောညိုဝင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ UAC Co., Ltd ဥက္ကဋ္ဌ ဦးအောင်ထွေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဟိန်းထက်(ပဲခူး)


