ပဲခူး ၂၉ မေ

 

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှုးရုံး အစည်းအဝေးခန်းမတွင် မေလ(၂၈)ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အတည်ပြုလျှောက်ထား လွှာတင်ပြခဲ့သည့် ကုမ္ပဏီများအား အတည်ပြုမိန့် များပေးအပ်ခဲ့ကြောင်း သိရသည်။

 

3695

 

အတည်ပြုမိန့်များပေးအပ်ရာတွင် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြု ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးကိုကိုလတ်က ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ရန် အတည်ပြုလျှောက်ထားလွှာတင်ပြခဲ့သည့် စက်ရုံ အဆောက်အဦများ တည်ဆောက်၍ ပြန်လည်ငှားရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်မည့် Myanmar Hefeng Industrial Co.,Ltd.၊  CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် Kfine International Garment (Myanmar) Co.,Ltd. နှင့် Xinze International Machinery Equiment Co.,Ltd တို့အား လုပ်ငန်းလုပ်ဆောင်ရန် အတည်ပြုမိန့်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကုမ္ပဏီများအနေဖြင့် ပဲခူးမြို့နယ်အတွင်း စုစုပေါင်းအမေရိကန်ဒေါ်လာ(၇.၃၇)သန်း ရင်းနှီးမြှုပ်နှံ မှုပြုလုပ်မည် ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း(၁၅၀ဝ) ခန့် ဖော်ဆောင် ပေးနိုင်မည်ဖြစ်ရာ တိုင်းဒေသကြီး အတွင်း လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေး အတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းနောက်  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရံး ဝန်ထမ်းများက  ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် KM Healthcare Myanmar Co.,Ltd မှ လျှော်ဖွတ်ပြီး ပြန်လည် အသုံးပြုနိုင်သော Face Masks များလာရောက်လှူဒါန်းပေးရာ ပဲခူးတိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မွှေးမွှေးသင်းတို့မှ လှူဒါန်း ပစ္စည်းများအား လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)